Tuesday, October 14, 2008

အခန်း (၅)











အခန်း (၄)

(၄)
ကွိ


ဤရက်များအတွင်း ဂြိုဟ် နက္ခတ် တာရာ တို့သည် မစ္စတာကွိ အတွက် ဗျူဟာကျင်းလျက် ရှိကြသည် ။ ကွိသည် ရှားလော့လီဝေလင် တည်းဟူသော ပြောင်ရွှန်းတာရာကလေးကို သူ့အား မှိုင်းမရန် ဆွဲဆောင်နိုင်ခဲ့ သည် ။ ထို ပြောင်ရွှန်း တာရာ ကလေးသည် ကြယ်ပေါင်းစုံသော နဂါးငွေ့တန်းကြီး တွင်လည်းပါဝင်၏ ။ ချားလ်စ်ဂါဒင်နီးယားဝက်စ် တည်းဟူသော ဂြိုဟ်နက္ခတ်ကြီးတစ်လုံးနှင့်လည်း ယှဉ်၍ထွန်း၏ ။ ဆာကဇုန ဓာတ်သဘောဖြင့် ထိုဂြိုဟ်နက္ခတ်ကြီးကိုလည်း ဆွဲငင်၏ ။

နောက်တစ်နေ့တွင် ထိုပြောင်ရွှန်းတာရာကလေးသည် ဂြိုဟ်နက္ခတ်ကြီးအား တယ်လီဖုန်းရှိရာသို့ ညှို့ငင်ဆွဲဆောင် လိုက်၏ ။ ဝက်စ်ဂြိုဟ်ကြီးသည် ကမ္ဘာမြေစကားဖြင့်ပင် မစ္စတာကွိအကြောင်းကို စုံစမ်းသည် ။ အိမ်မှ နှင်ထုတ် မထုတ်မေးသည် ။

“ဟင့်အင်း” ပြောင်ရွှန်းတာရာကလေးက ရယ်လိုက်ပြီး “ ရှင် မဟုတ်တော့ဘူး ၊သူ့ကို အလုပ်တောင်း ပေးမလို့ ၊ မရီနဲ့ ရှင့် ။ တစ်ကယ်ပြောတာ ။ သူ့ကို ကျမ အလုပ်ပေးစေချင်တဲ့ သူက ရှင်ပဲ ။ သိလား ”

ဂြိုဟ်နက္ခတ်ကြီးသည် တိုး၍သာ ရယ်နေပြန်၏ ။

“ ဒီကိစ္စ ကျွန်တော် ဘာတတ်နိုင်မှာလဲ ။ ခင်ဗျားခွေးကြီးကို သူမေးတဲ့ စကားလုံးအတိုင်းမေးရရင် သူက ဘာအသုံးကျသလဲ”

ရှာလီက လူပြိန်းနားမလည်သော ဘာသာရပ်များအကြောင်း ၊ စာရေးကောင်းသော မစ္စတာကွိ၏ ကျော်ကြားမှု့များကို ဋီကာချဲ့ပြော၏ ။ ဝက်စ်သည် ရှာလီ့စကားကို စိတ်ဝင်စားနေလေသည် ။

လွန်ခဲ့သော ဂျွန်လက အစုရှင်ကိုယ်စားလှယ်အဖြစ် ဝက်စ် ဒါရိုက်တာဖြစ်လာသော ပို့စ်သတင်းစာ၏ ဒါရိုက်တာ အစည်းအဝေးတွင် ဗိုလ်မှုးကြီးကောင်းအား ကူညီနိုင်မည့်သူတစ်ဦးကို ခန့်ထားရန်ဆုံးဖြတ်ခဲ့သည် ။ ဤဉာဏ်ကြီးရှင်ကလေးသည် သူတို့လိုချင်နေတသာ လူစားမျိုး မဖြစ်နိုင်ပေဘူးလား ။

“သူ့ဆီ ကျွန်တော်သွားလိုက်ပါ့မယ် ။ ဖြစ်နိုင်ရင် ဒီနေ့သွားမယ်။ ကျေးဇူးတင်မနေပါနဲ့ ။ သူက တစ်နေ့ကျရင် ချားလ်အေဒါးနား* လို ဖြစ်ချင်ဖြစ်လာမှာပါ ”

* ချားလ်စ်နင်ဒါဆင်ဒါးနား (၁၈၁၉-၉၇) ။ နာမည်ကျော် အမေရိကန် သတင်းစာဆရာ ၊ အယ်ဒီတာ ၊ ထုတ်ဝေသူ နယူးယောက် ရီဗျူး သတင်းစာ၏ အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့သည် (၁၈၄၉-၆၂) ။ အမေရိကန် ခေတ်သစ် သတင်းစာပုံစံကိုဖော်ထုတ်ခဲ့သည် ။ နယူးယောက်ဆန်း သတင်းစာ၏ ပိုင်ရှင်အယ်ဒီတာဖြစ်သည် ။

ကွိအဖို့လည်း မစ္စတာဝက်စ်၏ နှောင့်နှေးနေခြင်းအတွက် မည်သို့မျှ ကသိကအောက် မဖြစ်ချေ ။ သူ့စာအုပ်ထဲတွင်သာ နေ့ရောညပါ နစ်မြုပ်နေသည် ။ ရှာလီပြန်သွားပြီး ငါးရက်မြောက်နေ့ညနေ ငါးနာရီတွင် သူ့တံခါးကိုခေါက်သံကြားသည် ။

အမ်မာသည် ကတ်ပြားကလေးတစ်ခု ကိုင်ကာဝင်လာသည် ။ ကွိက ကတ်ပြားပေါ်မှ အမည်ကို ကြည့်သည်ဆိုရုံ ကြည့်လိုက်ပြီး

“ ဘာကိစ္စရှိလို့တဲ့တုံး”

အမ်မာ မသိချေ ။

“ ဒါဖြင့်လဲ အပေါ်တက်လာခဲ့လို့ပြောလိုက်”

ပို့စ် သတင်းစာ ဒါရိုက်တာသည် သူ့အခန်းအထိ တက်လာသည် ။ဝက်စ် မြင်ရသောအခန်းသည် သူ့တသက်တွင် မြင်ဖူးသမျှ အကျဉ်မြောင်းဆုံး အခန်းကလေးဖြစ်သည် ။ စားပွဲသေးသေး ကုလားထိုင်သေး သေးကလေးတွင် ကွိထိုင်နေသည် ။ မုန်တိုင်းမွှေထားသလို ဖရိုဖရဲ ဖြစ်နေသော စာအုပ် စာရွက် စာတန်းကြားတွင် ထိုင်နေခြင်းဖြစ်သည် ။

ဝက်စ်သည် အလွန်အမင်းစိတ်ဝင်စားလာသည် ။

“မစ္စတာ ကွိပါလားခင်ဗျာ” ဟုမေးသည် ။

“ဟုတ်ပါတယ် ၊ ကျွန်တော်ဘာလုပ်ပေးရမလဲ”

ဝက်စ်သည် မချုပ်တည်းနိုင်တော့သဖြင့် ဟားတိုက်၍ ရယ်လိုက်၏ ။

“ခင်ဗျားကတော့ အများကြီးလုပ်ပေးနိုင်မှာပေါ့ ၊ ကျွန်တော်ကလဲ နဲနဲတော့ လုပ်ပေးနိုင်ပါလိမ့်မယ် ၊ ပို့စ် သတင်းစာရဲ့ သံတမန်အဖြစ်နဲ့ ကျွန်တော် လာခဲ့ပါတယ်”

“ပို့စ် သတင်းစာ”

ကွိသည် သူ့ဦးနှောက်ကို အလုပ်ပေးလိုက်သည် ။

“အော် စစ် နိုင်ငံရေး ဘောဂဗေဒ ပညာရှင် ဗိုလ်မှူးကြီး ကောင်း ဆိုတာ ခင်ဗျားလား”

ဝက်စ်သည် ပို၍ အူမြူးချင်လာသည် ။

“ကျွန်တော့် နာမယ်က၀က်စ်ပါ ၊ ချားလ်စ်ဝက်စ် ။ ခင်ဗျား ကတ်ထဲက နာမည်ကတ်ပြားပေါ်မှာ ရေးထား တဲ့အတိုင်းပါပဲ”

ဝက်စ်သည် ကွိ၏ အိပ်ရာပေါ်တွင် ထိုင်လိုက်၏ ။

“မစ္စတာကွိ ။ ပို့စ်သတင်းစာဟာ တောက်တောက်ပြောင်ပြောင် ရေးနိုင်သားနိုင်တဲ့လူတွေကို အမြဲရှာနေ ပါ တယ် ၊ ဒါကြောင့် ခင်ဗျားဆီကိုလာခဲ့တာပါ ”

ကွိသည် ပေါ့ပေါ့ပါးပါး အလုပ်ကလေးရလျှင်လုပ်ချင်ကြောင်း ပြောခဲ့ဘူးသည်ကို ပြန်လည်အမှတ်ရလာ သည်။ အလုပ်သည် ယခုသူ့ထံရောက်လာပြီ ။ သူ့စိတ်သည် လေးလံနေ၏ ။

ရှာလီကိုမေးခဲ့သည့် အတိုင်း

“ အဲဒီတော့ခင်ဗျားက ဘာအကြံပေးချင်သလဲ” ဟု ဝက်စ်ကိုမေးလိုက်လေသည် ။

“ပထမဆုံး ကျွန်တော်သိချင်တာက ခင်ဗျားဘာတွေရေးခဲ့ဘူးသလဲ ။ သတင်းစာအတွက် အသုံးကျမယ့် ဘယ်လိုဘာသာရပ်တွေကို ရေးနိုင်သလဲဆိုတာ သိချင်တယ် ”

ကွိ သည်သူ၏ သတင်းစာဖြတ်ပိုင်း စာအိတ်ကြီးကို ထုတ်ပြရပြန်သည် ။ ဝက်စ်က မြန်မြန်ဖတ်လိုက်ပြီး

“ အတော်ကောင်းတာပဲ ၊ အမြတ်ခွန် ကိစ္စရေးထားတာ သိပ်မှန်တယ်” ဟုချီးကျူးသည် ။

ဝက်စ်က သတင်းစာတွင် အိပ်ငိုက်စာများရေးရန် လူလိုနေကြောင်း (“လေးနက်ပြီး ခိုင်ခံ့တဲ့ဆောင်းပါး တွေ”ဟူ၍ စကားလုံး သုံးနှုန်းသည် ။) ထိုအလုပ်မျိုးကို ကွိ စိတ်ဝင်စားမှု့ ရှိ မရှိ သိလိုကြောင်း ရှင်းပြသည် ။

ကွိက အလုပ်ချိန် မများပဲ အိမ်လခ အတွက်ရမည်ဆိုလျှင် လုပ်ချင်ကြောင်းပြောသည် ။

“ဗိုလ်မှူးကြီးကောင်းနဲ့ သွားတွေ့ပါ ။ အလုပ်ခန့်တာ ဖြုတ်တာ သူလုပ်ပါတယ် ။ ခင်ဗျား အကြောင်းကို ကျွန်တော်ပြောထား လိုက်မယ်”

နောက်တနေ့ မွန်းလွဲပိုင်းတွင် ကွိသည် ပြည်နယ်၏ ရှေ့ဆောင်သတင်းစာကြီးဖြစ်သော ပို့စ်သတင်းစာ ၏ အယ်ဒီတာချုပ် ဗိုလ်မှူးကြီးကောင်းနှင့် သွားတွေ့သည် ။

ပို့စ်သတင်းစာသည် သံမဏိရှည်သော သတင်းစာ ဖြစ်သည် ။ ၁၈၄၆ ခုနှစ်မှစ၍ မနေ့ တနေ့က အထိ မိသားစုပိုင် ဖြစ်သည် ။ ပြည်တွင်းစစ် ကာလ*တွင် သမ္မတ ဒေးဗစ်**၏ လက်စွဲဖြစ်ခဲ့သည် ။ ပြန်လည်တည် ဆောက်ရေး ကာလ ***နှိပ်ကွပ်မှု့များ အကြားတွင် မယိမ်းမယိုင် ကျောက်စာတိုင်ပမာ ရပ်တည်ခဲ့သည် ။ လူဖြူကြီးစိုးရေးအတွက် တိုက်ပွဲဝင်ခဲ့သည် ။

*ငွေဝယ်ကျွန်စနစ် ဖျက်သိမ်းရေးကို အကြောင်းပြု၍ တောင်ပိုင်းပြည်နယ် ဆယ့်တပြည်နယ်က ပြည်ထောင်စုမှ ခွဲထွက်သဖြင့် ဖြစ်ပွားခဲ့သည့် အမေရိကန်ပြည်တွင်းစစ် (၁၈၆၁-၁၈၆၅) ။ ။ မြောက်ပိုင်းပြည်ထောင်စုတပ်များ နှင့် တောင်ပိုင်းပြည်နယ် ပေါင်းစုတပ်များ တိုက်ကြသည် ။

**ဂျက်ဗာဆင် ဒေးဗစ်(၁၈၀၈-၈၉) ။ ။ အမေရိကန် တောင်ပိုင်းပြည်နယ်ပေါင်းစု (၁၈၆၁-၁၈၆၅) ၏ သမ္မတ။

***ပြည်တွင်းစစ် အပြီး တောင်ပိုင်း ပြည်နယ်ပေါင်းစုကို ပြည်ထောင်စုထဲသို့ ပြန်လည်သွတ်သွင်း၍ နိုင်ငံပြန် လည်တည်ဆောက်သည့် ကာလ (၁၈၆၇-၇၇) ။

ကော်ဇောအိတ်ဝါဒီများ*နှင့် စကာလာဝက်ဂရီဝါဒီ**များကို နာမဝိသေသန လှလှကြီးတပ်ပြီး ကားစင်တင်ခဲ့သည် ။ နောက်ပိုင်းတွင် တီလ်ဒင်*** အတွက် ဝံ့ဝံ့စားစား တိုက်ပွဲဝင်ခဲ့သည် ။ ဟေးစ်**** ကို သူခိုးဒမြပမာ ရှုတ်ချခဲ့သည် ။ ကလီဗလင်*****ကို ဘုရားတစ်ဆူ ဂူတစ်လုံး မြှောက်စားခဲ့သည် ။ လွတ်လပ်စွာ ကုန်သွယ်ခွင့်^ကို အားပြည့်မာန်ပြည့် ထောက်ခံခဲ့သည် ။ ဘော်ငွေသတ္တုလွတ်လပ်ခွင့်^^ ကို မျက်စိမှိတ် လက်ခံခဲ့သည် ။ ဘရိုင်ယန်ဝါဒ^^^တိုက်ပွဲတွင် ‘ပုံမှန်’ နေခဲ့သည် ။

* ပြန်လည်တည်ဆောက်ရေး ကာလတွင်မြောက်ပိုင်းမှ တောင်ပိုင်းသို့ ကိုယ်ကျိုးရှာရန် ဆင်းလာသူတို့ကို ဆိုလိုသည် ။ ခြေသလုံး အိမ်တိုင်ထွက်ကာ ကော်ဇောကျောပိုးအိတ် တလုံးနှင့် ဆင်းလာဟန်ကို အစွဲပြု၍ ကော်ဇောအိတ်ဝါဒီ (ကားပတ်ဘက်အစ်ဇင်) များဟုခေါ်သည် ။

** ပြန်လည်တည်ဆောက်ရေးကာလအတွင်း မြောက်ပိုင်း၏ နိုင်ငံရေးဝါဒီဖြစ်သော ရီပတ်ဘလစ်ကန် ပါတီသို့ ဝင်သည့် တောင်ပိုင်းသား လူဖြူများကို စကာလာဝက်ဂရီ များဟုခေါ်သည် ။

*** တီလ်ဒင် ၊ ဆင်မြူရယ်ဂျုံးစ် (၁၈၁၄-၈၆) ။ ။ အမေရိကန် နိုင်ငံရေးခေါင်းဆောင် ။ ၁၈၇၆ -ခုနှစ်တွင် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် သမ္မတရွေးကောက်ပွဲ နိုင်သည် ။ လူထုမဲ၌ အသာရသော်လည်း မဲဆန္ဒနယ်အလိုက်တွင် တမဲတည်းကပ်ရှုံလေသည် ။

****ဟေးစ် ၊ ရုသာပို့စ်တီ (၁၈၂၂-၉၃) ။ ။ ၁၉ကြိမ်မြောက် အမေရိကန် သမ္မတ (၁၈၇၇-၈၁) ။ တီလ်ဒင်ကို လူထုမဲ၌ ရှုံးပြီး မဲဆန္ဒနယ်မဲ၌ တမဲတည်းကပ်နိုင်ကာ သမ္မတဖြစ်လာသူ ။

*****ကလီဗလင် ၊ စတီဒင် ဂရိုမာ (၁၈၃၇-၁၉၀၈) ။ ။ ၂၂ကြိမ်နှင့် ၂၄ကြိမ်မြောက် အမေရိကန်သမ္မတ (၁၈၈၅-၈၉) ၊ (၁၈၉၃-၉၇) ။

^ နိုင်ငံတစ်ကာ ကုန်သွယ်မှု့ချင်း လွတ်လပ်စွာကုန်သွယ်နိုင်စေရန် အကောက်အခွန်စနစ် ၊ ကုန်ပမာဏ ၊ ကန့်သတ်ချက် စနစ်များကို ဖျက်သိမ်းရေးဝါဒ ။ ၁၈၉၆ ခုနှစ်မှစ၍ အကောက်အခွန် အခွင့်ရှိခဲ့သည် ။ ရီပတ် ဘလစ်ကန်ပါတီနှင့် လုပ်ငန်းရှင်များက အကောက်အခွန် မြင့်မားစွာ စည်းကြပ်ပြီး ပြည်ပကုန်သွယ်မှု့ကို ဟန့်တားလိုသည် ။ ဒီမိုကရက်တစ်ပါတီနှင့် စိုက်ပျိုးရေး သမားများက အကောက်ခွန် လျော့ချရေးကို လိုလားသည် ။

^^၁၈၉၆ ခုနှစ် ဂျူလိုင်လတွင် ကျင်းပသော ဒီမိုကရက်တစ်ပါတီ ညီလာခံ၌ တင်သွင်းသည့် ဘော်ငွေ စက္ကူဖြင့် ဒင်္ဂါးလွတ်လပ်စွာ ထုတ်လုပ်ရေး အစီအစဉ် ၊ နိုင်ငံတော် ငွေကြေးကို ရွှေဖြင့်သာမက ၊ ငွေဖြင့်လည်း ကျောထောက်နောက်ခံထားရေး အစီအစဉ်ဖြစ်သည် ။

^^^ ဘရိုင်ယန် ၊ ဝီလျံဂျင်းနင်း (၁၈၆၀-၁၉၂၅) ။ အမေရိကန် နိုင်ငံရေးခေါင်းဆောင် ၁၈၉၆ခုနှစ် ဒီမိုကရက်တစ်ပါတီ ညီလာခံတွင် ဘော်ငွေစက္ကူထုတ်လုပ်ခွင့်ဘက်မှ ရပ်တည်လျက် ပါတီသမ္မတလောင်း အဖြစ်ရွေးချယ်ခြင်း ခံရသည် ။

ဤသို့လျှင် ပို့စ်သည် သမိုင်းပြောင်ခဲ့သော သတင်းစာဖြစ်လေသည် ။

ပို့စ်သတင်းစာသည် ပိုင်ရှင်၏မြေးများ လက်ထက်တွင် အခြေခိုင်လာသည် ။ ပို၍မြန်သော သတင်းစာ ၊ ပို၍ စာမျက်နှာများသော သတင်းစာ ၊ အရောင်နှင့် ကာတွန်းဇာတ်လမ်းသုံးသော သတင်းစာမျိုးကိုလူကြိုက်များ လာသော အချိန်တွင် ပိုင်ရှင်တို့ ငွေမလိုက်နိုင်တော့ချေ ။ ပို့စ်သတင်းစာ၏ မှောင်မဲသောနေ့များ ။

ဗိုလ်မှူးကြီးကောင်းက ဝင်ကယ်ခဲ့ပါသေး၏ ။ သို့သော် လေလံပစ်ရမည့် အခြေသို့ ဆိုက်ပြန်သည် ။ ထိုအချိန်တွင် တိုးတက်သော လူငယ်များ ပါဝင်သော ပုဂ္ဂိုလ်တစ်စု ဝင်လာပြန်သည် ။ ယ္ခုအခါ သတင်းစာသည် အမြတ်အစွန်းပေါ်သည့် အဆင့်သို့ ပြန်လည် တက်လှမ်းလာသည် ။

ဗိုလ်မှူးကြီးကောင်းကို အယ်ဒီတာချုပ်ဆက်ခန့် သည် ။ ဗိုလ်မှူးကြီးကောင်း သည် သမရိုးကျ သတင်းစာဝါဒကို ကိုင်စွဲသူ ဖြစ်သည် ။ အယ်ဒီတာလည်းသူ တိုက်အုပ်လည်းသူ ။ မည်သည့်စာမျှ သူကိုယ်တိုင် ပရု* မဖတ်ပဲ သတင်းစာထဲ မရောက်နိုင် ။ တညတည ပရုဂယ်လီ** ၄၀ လောက်တော့ သူကအပျော့ထင်သည် ။ အုပ်ချုပ်မှု့ အယ်ဒီတာလည်း သူပင်ဖြစ်၏ ။ ညအယ်ဒီတာ ဆိုသည်ပင် သူ့ခိုင်းဖတ် ။ စီမန်ခံ့ခွဲရေးမှူးလည်း သူ့သြဇာ ခံရသည် ။ ထိုလုပ်ငန်းများအပြင် နေ့စဉ်ခေါင်းကြီးပိုင်း သုံးကော်လံ*** ရေးလိုက်သေးသည် ။

* ခဲစာလုံးစီပြီးနောက် စာမူရင်းနှင့်တိုက်ဆိုင် စစ်ဆေးခြင်း ။ စာလုံးပေါင်း အမှားအမှန် ပြင်ခြင်း ။

** ခဲစာလုံးများကိုစီပြီးနောက် စာမျက်နှာမဖွဲ့မီ ထည့်သည့် သံပြားကိရိယာများ နှစ်ပေခန့်ရှိသည် ။

*** သတင်းစာတွင် ဒေါင်လိုက် ခွဲခြားထားသော စာသားအကန့်များ ။

ကွိသည် “အယ်ဒီတာ” ဟုရေးသားထားသော အခန်းတွင်းသို့ မပြောမဆို ဝင်သွားသည် ။ ကျင်စွယ်ဖြူဖြူ ၊ ဆံပင်ဖြူဖြူ လူဖိုင့်ဖိုင့်ကြီး တစ်ဦး ။ စားပွဲကြီးတွင် ရှပ်အင်္ကျီလက်မောင်းပင့်ကာ စာရေးနေသည် ။

“ဗိုလ်မှူးကြီး ကောင်းပါလားခင်ဗျာ”

“ကျွန်တော်ပါဘဲ ။ ဘာများလုပ်ပေးရမလဲ”

ကွိသည် ဝက်စ်၏ ထောက်ခံစာကို စားပွဲပေါ်တင်ပေးလိုက်သည် ။

“မစ္စတာ ကွိ ကိုး ။ ထိုင်ပါခင်ဗျာ ။ ကျွန်တော်ကလည်း မျှော်နေတာပါ ”

ဗိုလ်မှူးကြီးကောင်းသည် မေးရိုးကားကား ၊ အသားနီစပ်စပ် ၊ လေဖြတ်ခံရမည့် ပုံပန်းဖြစ်၏ ။ သို့သော် သူ့ခေါင်း ကား ဂျူးလူမျိုးတို့၏ ရဲရင့်သောခြင်္သေ့* ခေါင်းပုံစံမျိုး ။ သူ့မျက်လုံးက ကြင်နာမှု့အပြည့်အဝ ။ သူ့အမူအရာက သိက္ခာရှိရှိ ယဉ်ယဉ်ကျေးကျေး ။ ဗိုလ်မှူးကြီးသည် အချိန်သည် ငွေထက် အရာရောက်သည် ဆိုသောဝါဒကို ကိုင်စွဲသူ မဟုတ်၍ မြို့အကြောင်းလေကြောရှည်နေလေသည် ။

*သုဏမျိုးခြင်္သေ့ (သမ္မာကျမ်းစာ ဗျာဒိတ်ကျမ်း -၅ ။ ၄)

“ဒီပြည်နယ်ရဲ့ တဖက်စွန်းကနေ တဖက်စွန်းအထိ တိုးတက်မှု့စိတ်ဓာတ်တွေဟာ ပြည်သူတွေရဲ့ ရင်မှာ တဒိတ်ဒိတ် ခုန်နေတယ် ။ ဒီတိုးတက်မှု့နဲ့ အတူ နိုင်ငံရေး အတွေးအခေါ် လွတ်လပ်မှု့တွေပဲ ထွန်းကားလာ တယ် ။ ခေတ်ဟောင်းက အစွဲအလမ်းဟောင်းတွေလဲ ပျောက်ကုန်ပီ ။ ဒီမိုကရက် တံဆိပ်တပ်တိုင်း သစ်ကုန်ပီ လို့ မယူဆတော့ဘူး ။ ရီပတ်ဘလစ်ကန်တိုင်း ကိုလဲ ဟင်နရီဂျီဆာဖေ့ နဲ့တတန်းထဲ မစဉ်းစားတော့ဘူး ။

ကွိက “ ဟင်နရီဂျီဆာဖေ့က ဘယ်လိုလူလဲ”ဟုမေးသည် ။

ဗိုလ်မှူးကြီး ကောင်းသည် ထိုမေးခွန်းကြောင့် တွန့်ကနဲဖြစ်သွားသည် ။

“အင်း အဲဒီဇာတ်လမ်း ခင်ဗျား မကြာဘူး သိမှာပါ”

ဗိုလ်မှူးကြီးကောင်း ခဏမျှငြိမ်သက်သွားပြီး ဝမ်းနည်းသံပေါက်သော်လည်း အသံမာမာပြင်းပြင်းဖြင့် “ ခင်ဗျား နားနဲ့ မျက်စိကိုကျယ်ကျယ် ဖွင့်ထား ၊ အတွင်းနားနဲ့ အတွင်းမျက်စိကို ပြောတာနော် ။ စိတ်ကိုလဲဖွင့်ထား ။ နှလုံးသား ကိုလဲဖွင့်ထား ။ ဒါမှ ဒီပြည်နယ်ကလူတွေဟာ ကမ္ဘာပေါ်မှာ အရဲရင့်ဆုံးလူတွေ ၊ အဖော်ရွေဆုံး လူတွေ ၊ အညှာတာဆုံးလူတွေ ဆိုတာ ခင်ဗျားနားလည် လာမယ် ။ ဒါထက် ခင်ဗျား ဒီမိုကရက်တစ် ပါတီဝင် လား”

“ကျွန်တော်က နိုင်ငံရေး ဘောဂဗေဒ သမားသက်သက်ပါ”

ဗိုလ်မှူးကြီးကောင်းက ပြုံးရွှင်စွာဖြင့်

“ မှန်လိုက်တဲ့ စကားပါဘဲခင်ဗျာ သိပ္ပံပညာဆိုတာ ပါတီက အနားသတ်လို့ မရပါဘူး ။ မစ္စတာ ဝက်စ်က ခင်ဗျား ထူးချွန်ပုံတွေကို ပြောထားပါတယ်” ဟုပြောပြီး ပို့စ်သတင်းစာ ဘက်ကပေးခိုင်းသည့် လစာကြေးငွေ ကိစ္စကို ရှင်းပြနေလေသည် ။ ကွိသည် တပတ် ဆယ်ဒေါ်လာ ရမည့် ပုံသေဉာဏ်ပူဇော်စနစ် ကို လက်ခံလိုက်လေသည် ။ တလအစမ်း လုပ်ရန်လည်း ယာယီ သဘောတူလိုက်သည် ။

“လွှတ်တော်က လာမယ့် ဂျန်နဝါရီလမှာ စည်းဝေးမယ် ။ အခွန်စနစ်တွေ ပြင်ဘို့ အရေးကြီးတယ် ။ လက်ရှိစနစ် ကတော့ ဘယ်ဘက်က ကြည့်ကြည့် ကျေနပ်စရာမရှိဘူး ။ ဒီတော့ အခွန် ဥပဒေတွေကို လေ့လာထား စေချင်တယ် ။

“ ဒီဥပဒေ တွေကို ကျွန်တော် ကျေပီးသားပါ”

“ဟုတ်လား ။ ဒါဖြင့် ဘယ်လိုသဘောရသလဲ”

“ရုပ်ပျက် ဆင်းပျက်ပဲ”

“ကြိုက်ပြီ ။ ကျုပ်က အဲဒီလို ပြတ်ပြတ်ပြောတတ်တာမျိုး ကြိုက်တယ် ။ အဲဒီ ဥပဒေကို ဘယ်လိုဝေဖန်မလဲ ။ ဘယ်လို ကုစားမလဲ ပြောပါအုံး”

ကွိက နည်းလမ်းများကို တိုတိုနှင့် ထိထိမိမိ ရှင်းပြသည် ။ ဗိုလ်မှူးကြီးကောင်းက သဘောကျသည် ။

“အလုပ် ချက်ချင်းစမယ်ဗျာ ။ ဆောင်းပါးတွေ ရေးဗျာ ။ ဆယ်ပုဒ်ဖြစ်ဖြစ် ဆယ့်နှပုဒ်ဖြစ်ဖြစ် ရေး ။ လူထုဆန္ဒက အူလှန် အသဲလှန် ပြုပြင်လာချင်အောင်ရေး ၊ ပြုပြင်ရင် ဘယ်နည်းဘယ်ပုံ လုပ်သင့်တယ် ဆိုတာလဲ ရေးဗျာ။ ”

ကွိက ပြန်ရန်ထလိုက်၏ ။

“စကားမစပ် အခွန်စနစ် ပြုပြင်ရေးနဲ့ ပတ်သတ်ပြီး ကျုပ်လဲဆောင်းပါး တစ်စောင်ရေးလိုက်သေးတယ် ။ လမ်းခင်းတဲ့ သဘောပေါ့ ။ တခြားဆောင်းပါးတွေ လိုက်လာအောင် ရေးလိုက်တာဘဲ ။ ခင်ဗျားလဲ ဖတ်ပြီးရောပေါ့ ”

“ဖတ်ပီးပါပီ”

“ဘယ့်နဲ့ သဘောရသလဲ”

“ခင်ဗျားတကယ်ရေးတာလား”

ဗိုလ်မှူးကြီးကောင်းသည် အနည်းငယ် အံ့အားသင့်သွားကာ “ဒါပေါ့” ဟုအဖြေပေးသည် ။

“ခင်ဗျား မေးမှတော့ ဖြေရမှာပေါ့ ။ ကျွန်တော့် အထင်တော့ ရီစရာကောင်းတယ် ထင်တာပဲ”

ဗိုလ်မှူးကြီးကောင်းဒေါပွသွားသည် ။ သူသည် ပင်ကိုယ်စိတ်ဓာတ်အရ ဒေါသကုမ္မာရ ဖြစ်၏ ။ သို့သော် ဤအသက် အရွယ်တွင် ဟောဟောဒိုင်းဒိုင်း ရှုးရှုးရှားရှား လုပ်နေ၍ အကျိုးမများသည်ကို ဆင်ခြင်မိလာသည် ။ ထို့ကြောင့် ယ္ခုအခါ စိတ်အလွန်ထိန်းသည် ။

“ဗြောင်တိုက် ပြောတတ်ပါပေ့ဗျာ ချီးမွမ်းပါတယ် ။ ကျုပ်တတ်သမျှ မှတ်သမျှနဲ့ လုပ်ထားတာလေးတွေတော့ ခင်ဗျား စာနဲ့ယှဉ်ရင် အရှက်ကွဲတော့မှာဘဲ”

“ဒါတော့ ခင်ဗျားအကဲဖြတ်ပေါ့ဗျာ”

ဗိုလ်မှူးကြီးကောင်းသည် စောစောက ကွိကို ညစာဖိတ်ကျွေးမည်ဟု ကြံထားသည့်စိတ်ကူးကို ဖျက်ကာ ဦးညွှတ် နှုတ်ဆက်လိုက်လေသည် ။ ကွိကလည်း သုတ်သုတ်ပင် ပြန်ထွက်လာခဲ့၏ ။ သူ့နာရီကို ကြည့်လိုက်သောအခါ ဤတွေ့ဆုံပွဲအတွက် တနာရီသာ အချိန်သုံးရန် သတ်မှတ်ထားခဲ့ပါလျက် ဆယ်မိနစ်ပို၍ အချိန်စားသွား ကြောင်း သူသတိပြုလိုက် မိသည် ။







အခန်း (၃)

(၃)

ကွိ


ရှာလီက မျက်စိကလေးတစ်ချက်စွေကြည့်လိုက်သည်နှင့် မစ္စက် ပိန်တာ က

“မစ္စတာ ကွိ ဒါဒေါ်ဒေါ့်တူမ မစ္စက် ဝေလင်”ဟုပြောလိုက်လေသည် ။

“ဒေါ်ဒေါ့် အလုပ်တာဝန်ခံလေ” ဆိုသောစကားလုံးကို ပြောဆိုရာမှ စိတ်မသိုးမသန့်ဖြစ်၍ နှုတ်ဆွံ့နေ၏ ။ တူမလေးကို ဤနည်းဤပုံ မိတ်ဆက်မပေးရက် ။

သူ့အဒေါ် စကားချန်ပြောသည်ကို သိသဖြင့် ရှာလီက ရယ်ချင်စိတ်ကို မျိုသိပ်ကာ အသာအယာပင် ဦးညွှတ် နှုတ်ဆက်လိုက်၏ ။ ကွိကလည်း မရယ်မပြုံး ဦးညွှတ်နှုတ်ဆက်သည် ။ သူခါတိုင်း ထိုင်နေကျနေရာ တွင် ထိုင်သည် ။ သူ့ဘယ်ဘက်လက်က အိတ်ထဲမှစာအုပ်ကို အလိုအလျောက် နှိုက်ယူလိုက်၏ ။ မစ္စက်ပိန်တာ သည် မယောင်မလည်နှင့် အခန်းထဲမှ ထွက်သွားလေသည် ။

ရှာလီကလည်း မီးဖိုချောင်သို့ဝင်ကာ အမ်မာနှင့်အတူ ညစာပြင်သည် ။ အမဲကြော် ၊ အာလူး ၊ ပေါင်မုန့် ၊ ကော်ဖီ ၊ ထောပတ် ၊ မက်မန်းသီးခြောက် တို့ကို လင်ပန်းနက်ကလေးနှင့် ထည့်သည် ။

“ပါရဂူတွေ တလှေကြီးတောင် စားလောက်ရဲ့ ထင်ပါတယ်ကွယ်” ရှာလီက လင်ပန်းကလေးကို စေ့စေ့ စပ်စပ်ကြည့်ပြီး ပြောလိုက်သည် ။

“ကျေးဇူးပဲ အမ်မာရေ”

ရှာလီသည် လင်ပန်းကလေးကို ကိုင်ကာ ညနေစာခန်းထဲသို့ ပြန်ဝင်လာသည် ။ ကွိ တယောက်ထဲထိုင် နေ၏ ။ စားပွဲပေါ်တွင် စာအုပ်ကပွင့်လျက် ။ ကွိသည် ဆံပင်ထဲ လက်ထိုးကာ ကုန်းကိုင်းကိုင်းကြီး စာဖတ်နေ သည် ။

သူ့ဘေးသို့ ရှာလီရောက်လာသည် ။ စားစရာများကို တင်ရသည် ။ သူက မတုန်မလှုပ် ကျောက်ရုပ် ။ ရှာလီက

“တဆိတ်ရှင်” ဟုပြောမှဆတ်ကနဲ မော့ကြည့်သည် ။

“အော်..ဟုတ်ကဲ့”

ကွိသည် စာအုပ်ကိုနေရာရွေ့ပေးလိုက်သည် ။ ဖတ်လက်စနေရာတွင် လက်ညှိုးထိုးသွင်းပြီး ညှပ်ထား သည်။ ရှာလီက ပန်းကန်များကို နေသားတကျချသည် ။ ဇွန်း ၊ ခက်ရင်း ၊ လက်သုတ်ပုဝါ အသစ် ။ အားလုံးနေရာ တကျ ဖြစ်မှ

“ဘာလိုပါသေးသလဲ” ဟုမေးသည် ။

ကွိကစားပွဲကို မျက်လုံးစွေကြည့်ပြီး

“ရေတခွက်လောက် ပေးပါခင်ဗျာ”

“အော်..ဟုတ်သားဘဲ ၊ ရပါတယ်”

ရှာလီက ငွေရေခရားထဲမှ ရေငှဲ့ထည့်ပေးသည် ။ ထိုရေခရားသည် ၁၈၆၂ ခု မေလပြည်တွင်းစစ် အတွင်းက ယန်ကီး* စစ်သားများ အိမ်ပေါ်မှလွှင့်ပစ်သွား၍ ပြန်ကောက်ကာ သိမ်းထားခဲ့ရသည့် ငွေခရား ဖြစ်သည် ။

* အမေရိကန် ပြည်တွင်းစစ် (၁၈၆၁-၆၅) တွင် ပြည်ထောင်စုဘက်မှ ၀င်တိုက်သော မြောက်ပိုင်း ပြည်နယ်သားများ ။

ရှာလီ၏ လောကွတ်ပျူငှာကလေးများကို ကွိက အမှု့မဲ့ အမှတ်မဲ့ပင် ။ ပေါင်မုန့်ပန်းကန်တွင် စာအုပ်မှီထောင်ပြီး အမဲကြော်လှီးရင်း စာဖတ်နေသည် ။ စားပွဲတင်နာရီလောက်ကြီးသော နာရီတစ်လုံးကို ပန်းကန် ဘေးတွင် ချထားသည် ။

“အားလုံးစုံပါပီနော်”

“စုံပါပီ”

“ရှင် ကျမကို မှတ်မိသလား” ရှာလီကမေးခွန်းထုတ်သည် ။ ကွိ ကတဒင်္ဂမျှ မော်ကြည့်ပြီး စားမြဲဆက်စားသည် ။

“မသိဘူး”

ရှာလီသည် သူ့ဘာသာ ပြုံးလိုက်မိ၏ ။

“ဒီနေ့ ညနေက ရှင့်ကိုဝင်တိုးမိတာ ကျမခွေးကြီးလေ ၊ မှတ်မိပီလား ။ ရှင်နာသွားသေးလား ။ ထော့နင်းထော့နင်း ဖြစ်နေသလိုပဲ ။ တကယ်စိတ်မကောင်းပါဘူးရှင် ”

“ကိစ္စမရှိပါဘူး” ကွိကအနည်းငယ် မနေတတ် မထိုင်တတ်ဖြစ်သွားကာ “ကျွန်တော်လမ်းလျောက် ထွက်ခဲပါတယ် ။ ခင်ဗျား အပျော်ခွေးကြီးလဲ ကျိုးပဲ့တော့ မသွားပါဘူးနော်” ဟုပြောသည် ။

“ကျေးဇူးတင်ပါတယ်ရှင် ၊ ဘာမှမဖြစ်ပါဘူး”

အပျော်ခွေးကြီး၏ ပိုင်ရှင်ကို သူ့အိမ်ရှင်၏ အလုပ်တာဝန်ခံအဖြစ် တွေ့နေရသော်လည်း သူ့စိတ်တွင် ဘာမှစနိုးစနောင့် မဖြစ်ကြောင်း သူ့မျက်နှာတွင် သိသိသာသာကြီးပေါ်လွင်နေသည် ။ သူ့မျက်စိ သည်စာအုပ် တလှည့် အမဲကြော်တလှည့် ကူးနေ၏ ။

“ညစာယူပေးတာကျေးဇူးတင်ပါတယ်”

ထိုစကားသည် “သွားပါတော့ခင်ဗျာ” ဟုပြောသည်ထက် ပို၍အဓိပ္ပါယ်စူးနေသည် ။သို့သော် မစ္စက်ပိန်တာ၏ ပြတ်သားသော အလုပ်တာဝန်ခံကမူ သူ့အနားမှ တပါးမျှ မခွာ ။ စာထဲ အာရုံဝင်စားနေခြင်းကို အခွင့်ကောင်း ယူကာ ကွိ ကိုအနီးကပ်လေ့လာသည် ။

ကွိ သည် ပိဋကတ်တိုက်ထဲတွင် ချက်မြှပ်၍ စာအုပ်နှင့် အချင်းဆေးခဲ့သူ ပမာ ဖြစ်သည် ။ ပိုးဟတ်ဖြူလို အသားအရည်နှင့် ။ ဆန်ကောဝိုင်းလို မျက်မှန်ကြီးနှင့် ။ ပတ်ဝန်းကျင်နှင့် လုံးဝ ကင်းပြတ်သည့် ဟန်နှင့် ။ ဆံပင် ကတစ်လစာလောက်ပိုရှည်နေသည် ။ နက်ကတိုင် လည်စည်းက ကုပ်ဘက်တွင် ကော်လာအပေါ် ကျော်၍ နင်းနေသည် ။ သို့သော် မျက်နှာပေါက် ပြတ်သားသည် ။ လတ်ဆတ်ကြည်လင်သည် ။ နှာတံပေါ်သည် ။ နှုတ်ခမ်းက ထထကြွကြွ လုပ်တတ်သူတို့တွင် ရှိသော မတွန့် မကော့နှုတ်ခမ်း မျိုးဖြစ်သည် ။ မျက်မှန်ကြီးကို ခဏဖြုတ် ၊ ဆံပင်ရှည်ကြီးကို ညှပ်လိုက်လျှင် ပါရဂူ ကလေး ဟုခေါ်နိုင်ဘွယ် မရှိသော ဥပဓိရုပ်မျိုး ပေါ်လွင်လာနိုင်သည် ။

ရှာလီသည် ကွိ ကိုအနုစိတ် လေ့လာရင်း သူလုပ်ရမည့် လုပ်ငန်းအခြေအနေကို စဉ်းစားမိသည် ။ စိတ်အစာ ၊ ရုပ်အစာ စားရင်း သမာဓိဆိုက်နေသော လူငယ်ကို သူပြောပြရတော့မည် ။ ကောင်းပါပြီ ။ ဘယ်လိုပြောရမလဲ ၊ သူ့ကြည့်ရသည်မှာ မိမိထက် အသက်များများ မကြီးနိုင် ။

“ငါကတော့ပြတ်ပြတ်ပဲ” ရှာလီက သူ့အားသူ တင်းလိုက်သည် ။သို့သော် သွေးက မဆူ ။ အိမ်လခ ကိစ္စသည် သူ့ကို ဟောဟောဒိုင်းဒိုင်း ပြောအောင် ဆိုအောင် မီးမထိုးနိုင် ။ ဖီဖီ ကလေးငိုပြေးရသည့် အဖြစ်ကို တွေးမိမှ သူ့သန္နိဌာန် ခိုင်မာလာသည် ။

“ရှင်စာဖတ်နေတုန်း ကျမစကား ဖြတ်ပြောရဦးမယ်” ရှာလီက ပြတ်သားစွာပြောသည် ။ “ ပြောစရာက လေးတစ်ခု ရှိလို့ပါ”

ကွိက ဒုတိယအကြိမ်မော့ကြည့်သည် ။ အံ့အားသင့်ခြင်း ၊ စိတ်ကသိကအောင့် ဖြစ်ခြင်းတို့သည် မျက်မှန်ဝိုင်းကြီး နောက်မှ သူ့မျက်လုံးတွင် ပေါ်နေသည် ။

“ဆိုပါဦး”

“ဒေါ်ဒေါ် မိတ်ဆက်ပေးတုန်းက ကျမဘာလဲဆိုတာ စုံအောင် မပြောခဲံဘူး”

“ဘာထူးမှာ မို့လို့လဲ”

“ဟုတ်ကဲ့ ၊ ထူးပါတယ် ကျမက သူ့တူမသက်သက် မဟုတ်ပါဘူး ။ သူ့ အလုပ်တာဝန်ခံ ကိုယ်စားလှယ် လဲ လုပ်ပါတယ် ။ သူကအိမ်ငှားလုပ်ငန်းကို သိပ်နိုင်တာမဟုတ်ဖူး ။ ဒီအိမ်က လူပေါင်းစုံ လာငှားနေတာ ။ ဒီတော့ ခဏ ခဏ အမှု့ကလေးတွေပွေတာပေါ့ ။ ဆိုပါတော့ရှင် ။ တချို့က အိမ်လာငှားနေပြီး ။ ကျမ ဘယ်လို ပြောရမလဲ ။ အိမ်လခ ပေးဘို့ကျတော့ သိပ်တွန့်ဆုတ် တတ်တယ် ။အဲဒီလို လူတွေနဲ့ဒေါ်ဒေါ်က ဘယ်လို ရင်ဆိုင်ရမှန်း သိတာမဟုတ်ဘူး ။

ကွိသည် နာရီကို ငုံ့ကြည့်ကာ ရှာလီ့စကားကို လက်ပြပြီးတားလိုက်သည် ။

“တိုက်ရိုက်မပြောတာ အလကား အချိန်ဖြုန်းတာပဲလို့ ကျွန်တော် အမြဲယုံတယ် ။ ကျွန်တော့်ဆီက အိမ်လခ တောင်းဘို့ ခင်ဗျာ့းအဒေါ်က ခင်ဗျားကို ခေါ်လိုက်တာမို့လား”

“ဟုတ်ပါတယ်”

“ ဒီလိုဆို ခင်ဗျာ့း အဒေါ်ကိုပြောလိုက်ပါ ။ စိတ်မပူပါနဲ့ ။ ကျွန်တော်ပြောတာ တကယ်ပြောတာပါလို့ ။ ဒီနေ့ည ကျွန်တော် စာတိုက်က ဒေါ်လာနှစ်ဆယ်ရတယ် ။ အဲဒီငွေ ခင်ဗျားအဒေါ်ကို ပေးမှာပါပဲ”

ကွိက စာဆက်ဖတ်ရန်ဟန်ပြင်ရင်း ပြောသည် ။

ရှာလီသည် ကွိကို ပြုံးလဲ့လဲ့ ကြည့်နေသော်လည်း သန်းကောင်စာရင်းကောက်သူ ပမာရှင်းရှင်း ပြတ်ပြတ် စပ်စပ်စုစု ဆက်မေးနေသည် ။

“တခုမေးပါရစေဦး ။ ရှင့်မှာ ပုံမှန်ဝင်ငွေတို့ ၊ အလုပ်အကိုင်တို့ရော ရှိရဲ့လား”

“မရှိပါဘူး”

“ဒါဖြင့် ဒီမြို့မှာ မိတ်ဆွေအပေါင်းအသင်းတော့ ရှိမှာပေါ့ ။ သူတို့က ”

“ မိတ်ဆွေလား ။ ဒီမြို့မှာလား ။ တစ်ယောက်မှ မရှိဘူး”

ကွိက ခပ်ထန်ထန်ပြော၍ ရှာလီက

“ရှင်ကလဲ မိတ်ဆွေမရှာချင်ဘူး ထင်ပါတယ်” ဟုပြန်မေးသည် ။

“ဟုတ်တယ် ။ ကျွန်တော်မလိုချင်ဆုံးဟာ မိတ်ဆွေပဲ ။ နယူးယောက်မှာ ကြုံခဲ့တာနဲ့ဘဲ တန်ပါတယ်။ ဒီလာတာကိုက တကိုရေ တကာယ နေဘို့လာတာ”

“ကျမက ထောက်ခံချက်ကိစ္စ စဉ်းစားနေတာပါ ။ နယူးယောက်မှာတော့ ရှင့်မိတ်ဆွေတွေ ရှိတယ် ပေါ့နော်”

“ အင်း နှစ်ယောက်ရှိတယ် ။ သူတို့ ထောက်ခံချက်က အသုံးဝင်မှာမဟုတ်ပါဘူး ။ တစ်ယောက်က ပုလိပ် ၊ တစ်ယောက်က အလစ်သုတ်”

ရှာလီ ခဏငိုင်သွားသည် ။ သူအမှန်တွေပြောနေတာ ။ ငါဘာထပ်ပြောရမလဲ ။

“ ရှင်ဒီည ငွေသွင်းနိုင်ရင် ဒေါ်ဒေါ်ဝမ်းသာမှာပဲ ။ ကျမ တခါတည်းယူသွားပေး နိုင်ပါတယ်”

“ အိုး…ဖြစ်ပါတယ်”

ကွိသည် အင်္ကျီအိတ်ထဲမှ စာအိတ်တအိတ်ဆွဲ ထုတ်လိုက်ပြီး စားပွဲပေါ်ပစ်ပေးလိုက်သည် ။ ရှာလီက လက်နှိပ်စက်ဖြင့် စာရိုက်ထားသည့် စာအိတ်ကို ကောက်ကိုင်ကြည့်လိုက်သည် ။ သူတို့မြို့ စာတိုက် အမှတ်အသား ကို တွေ့ရလေသည် ။

“ထုတ်ကြည့်ရမလားဟင်”

“ကြိုက်သလိုသာလုပ်ပါ”

ရှာလီသည် သဲလွန်စတွေ့လိုတွေ့ငြား စာအိတ်ကိုကောက်ယူကြည့်သည် ။ ကွိအကြောင်း ခရေစေ့တွင်း ကျသိအောင် လုပ်ရန် သူ့တာဝန်ဖြစ်သည် ။ သို့သော် စိတ်ပျက်စရာ ။ စာအိတ်ထဲတွင် အပေါစား စာရွက်ဖြူ လေး တစ်ရွက် ။ စာရွက်ခေါက်ထဲတွင် ဒေါ်လာနှစ်ဆယ်တန် အသစ်ကျပ်ချွတ်တရွက် ။ဘာစာမျှမပါ ။

“အော ရှင့်မှာ ငွေရပေါက်ရလမ်း အလုပ်တော့ ရှိသေးပါကလား” ရှာလီက စကားခေါ်သလိုပြောသည် ။

စိတ်မကြည်မသာမျက်နှာထားဖြင့် ကွိမော့်ကြည့်လိုက်ပုံမှာ “ ဘာလဲ ခင်ဗျားက ခုထိပေကပ်နေတုန်း လား”ဟု မေးသလိုရှိသည် ။

“ခင်ဗျားပြောတာ ကျွန်တော်သဘောမပေါက်ဘူး”

“ဒီလိုလေ ဒီငွေက ရှင်အလုပ်တစ်ခုခုလုပ်လို့ ပို့ပေးတဲ့ငွေ ထင်လို့ပါ”

“ဒါက ထင်ကြေးဘဲ”

“လေကုန်ခံပြီး စပ်စုတယ်လဲ မထင်ပါနဲ့”

“ဘာသိချင်လို့လဲ”

“ဒီငွေနဲ့ ပတ်သတ်ပြီး”

“ဒီအတိုင်းလာတာပဲ စာအိတ်ရယ် ၊ စာရွက်ရယ် ၊ ငွေစက္ကူရယ် ဒါပဲ”

“ဘယ်ကလာတယ် ဆိုတာတော့ ရှင်သိမှာပေါ့”

“မသိဘူး လက်ဆောင်လို့ ထင်တာဘဲ”

“ဒါဖြင့် ဒီမြို့မှာ ရှင့်မိတ်ဆွေ တယောက်တလေ ရှိတာတော့ သေချာတာပေါ့”

“ကျွန်တော်ပြောပီးပီဘဲ ။ တလောကလုံးကျွန်တော့်မှာ မိတ်ဆွေ နှစ်ယောက်ဘဲရှိတယ် ။ သူတို့နေတာ ကနယူးယောက်မှာ ။ ပြီးတော့ သူတို့ နှစ်ယောက်စလုံးက ဒေါ်လာနှစ်ဆယ်ပေးနိုင်မယ့် လူတွေမဟုတ်ဖူး”

ရှာလီသည်ခေါင်းရှုပ်သွားဟန်ဖြင့် ရယ်လိုက်ကာ

“ ဒါ ဒါ ဒါပေမယ့် ဘယ်သူပေးလိုက်တာပါလိမ့် လို့တောင်ရှင် မတွေးမိဘူးလား”

“ကျွန်တော့် အဖေပို့လိုက်တယ် ထင်တာပဲ”

“အိုး… ရှင့်အဖေ”

သူ့မှာ အဖေရှိတယ် ။ ထင်ရာလုပ်တဲ့လူကြီးဖြစ်မယ် ။ ချမ်းသာတဲ့ သူဖြစ်မယ် ။ သားလိုချင်တာသုံးရ အောင် ငွေပို့စရာ ရှိတာဖြစ်မယ် ။ ရှာလီသည် တသီကြီးဆက်စပ် တွေးရင်း တုန်တုန်ယင်ယင်နှင့်

“ပေါက်ပေါက်ရှာရှာ လုပ်တယ်မထင်ပါနဲ့နော် ။ ကျမက ရှင်ဒီမှာဆက်ပြီးနေနိုင်တဲ့ ဝင်ငွေရှိရဲ့လား ၊ မရှိရဲ့လား သိဖို့လိုလို့ မေးတာပါ”

ကွိသည် စားသောက်ပြီးသွား၍ ဇွန်းခက်ရင်းကို ချပြီးနာရီကြည့်လိုက်သည် ။

“ညစာ စားဘို့ သတ်မှတ်ထားတဲ့ အချိန်ကတော့ ကုန်ပီ ။ ဒါပေမယ့် ဒီအိမ်လခ ကိစ္စက နေ့ရွေ့ ညရွေ့ လုပ်လို့ရမှာ မဟုတ်တော့ အပြတ်ဘဲပြောမှဘဲ ။ ဒီငွေဟာ ကျွန်တော့် အဖေဆီက လာတာဆိုရင် ဒါဟာ ပထမဆုံး အကြိမ်ဘဲ ။ နောက်ထပ် ရမယ် မရဘူးဆိုတာတော့ ပဟေဠိလိုဖြစ်နေတယ် ။ သူနဲ့ ကျွန်တော်ကလဲ တခါမှ မတွေ့ဘူးဘူး”

“ အော်…သူက ဒီမြို့မှာနေတာလား”

“နေတယ်လို့ ထင်စရာရှိတာဘဲ ။ထင်လို့လဲ ကျွန်တော် ဒီကိုပြောင်းလာတာပေါ့ ။ အစကတော့ သူလာတွေ့ပြီး အိမ်လခတွေ ဘာတွေပေးမယ်လို့ ထင်ထားနေခဲ့တာ ။ တလသာရှိတော့မယ် ၊ ပေါ်မလာဘူး ။ သူ့ကိုရှာဘို့ ကျွန်တော့်တာဝန်လို့ ထင်သလားမသိဘူး ။ ကျွန်တော့်မှာ သူ့ကိုရှာဘို့ အချိန်ပိုမရှိဘူး ။ ဒါကြောင့် ငွေမှန်မှန်ရမယ်လို့ ကျွန်တော် ကတိမပေးနိုင်ဘူး ”

ခဏ ငြိမ်သွားသည် ။ ပြီးမှ ရှာလီက “ငွေကိစ္စ အသာထားပါအုံး ။ ကိုယ့်အဖေ လိုက်ရှာဘို့လောက် တောင်မှအာရုံ မထားဘူးလားရှင် ”

“အိုး…မေးတတ်ပလေ ။ ကျွန်တော် အာရုံထားတာနဲ့ ပီးနိုင်တာမှ မဟုတ်ဘဲ ။ ကိုယ့်အဖေ ဘယ်မှာနေ မှန်းလဲမသိ ။ဘယ်လိုပုံပန်း ရှိမှန်းလဲမသိ ။ဘာနာမယ်မှန်းလဲမသိဘဲနဲ့ ရှာပုံတော်ဖွင့်လို့ရမလား ။ ဘယ်လောက် တာဝန်ကြီးတယ်ဆိုတာ ခင်ဗျားသိလောက်ပါတယ် ။ ကျွန်တော့် ရှိသမျှအချိန်ကို အလုပ်ထဲ မြှုပ် ထားတာ ။ အဖေတွေ့ရင် အိမ်လခ ပေးမှာဘဲ ဆိုတဲ့ မြှော်လင့်ချက်နဲ့တော့ ဆင်ကန်းတောတိုး ရှာမနေနိုင်ပါဘူးဗျာ ”

သူပြောနေပုံမှာ ထက်ထက်သန်သန်သာ မဟုတ်လျှင် အတော်မြင်ပြင်း ကပ်ဖွယ်ကောင်းပေလိမ့်မည် ။ ရှာလီသည် ငြင်းချက် ထုတ်သည့်လေသံကို မဖုံးမဖိတော့ဘဲ “ အဖေကိုတောင် မရှာနိုင်လောက်အောင်ဆိုတော့ ရှင့်အလုပ်ကအတော်ကြီးကျယ်လို့ ပေါ့နော်”ဟု ခနဲ့သည် ။

“ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးပေါ့ ။ အဆင့်ဆင့် ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု့ဆိုင်ရာ လူမှု့ရေးသိပ္ပံ ပညာလို့ပဲ လွယ်လွယ်ဆိုပါတော့” ကွိက တိုတိုဖြေသည် ။

ရှာလီက ခပ်မဆိတ် လုပ်နေပြီး မျက်နှာထား ကြောင်နေ၍ သူ့စကားကို ဘာမှသဘောမပေါက်ကြောင်း ကွိ နားလည်လိုက်သည် ။

ထို့ကြောင့် ညင်သာစွာပင် “ အဲဒီ ပညာက လူ့အဖွဲ့အစည်းရဲ့ မူလဘူတ ။ သဘာဝ နဲ့ သမိုင်းကို သုံးသပ်တဲ့ သိပ္ပံပညာ ။ စုစည်းထားတဲ့ လူ့ဘောင်အဖွဲ့တွေမှာ လူတွေရဲ့ ဆက်ဆံရေးကို အနှစ်ချ ထားတဲ့ သိပ္ပံ ပညာ ။ လူမှု့ရေး တိုးတက်မှု့တည်တံ့ရေးကို စိုးမိုးတဲ့ ဥပဒေတွေ ၊ ထုံးနည်းတွေ ပညတ်တရားတွေကို မှန်မှန် ကန်ကန် ဒိဌဓမ္မ ကျင့်သုံးတဲ့ သိပ္ပံပညာတွေဘဲ” ဟုရှင်းပြလိုက်သည် ။

“ဒီဝေါဟာရတွေ ကျမနားယဉ်ပြီးသားပါ ။ ဒီတော့ ရှင်က အဆင့်ဆင့်ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု့ ဆိုင်ရာ လူမှု့ရေး သိပ္ပံပညာရှင်ကြီး ဖြစ်ချင်နေတာပေါ့ ဟုတ်လား”

သူသည် ယဲ့ယဲ့ပြုံးလိုက်ပြီး “ဖြစ်ချင်နေတာပေါ့လို့ မေးသလား”ဟုပြန်မေးသည် ။

“အော်…ရှင်က ဖြစ်ပီးနေပီလား”

ကွိသည် အိတ်ထဲသို့ လက်နှိုက်လိုက်ပြီး စာအိတ်ကြီး တခုကို ထုတ်လိုက်သည် ။ စာရွက်များ အကြားမှ နောက်ထပ် စာအိတ် တလုံးကိုယူလိုက်သည် ။

“ ခင်ဗျားက ထောက်ခံချက်ကိစ္စ ပြောနေတယ် ။ ကဲ ဒါတွေက မိတ်ဆွေထက်ပိုပြီးကောင်းတဲ့ ထောက်ခံချက်တွေလို့ ခင်ဗျားထင်ပါလိမ့်မယ်”

စာရွက်ဖြတ်စများကို ရှာလီဖတ်ကြည့်သည် ။ မစ္စတာ ကွိ၏ဆောင်းပါးများကို ဖော်ပြမည့်အကြောင်း လူသိများသော စာစောင်“လေးလေးကြီး”၏ ကြော်ငြာနှစ်ခု ။ အလားတူကြော်ငြာပါသော တနှစ်လေးကြိမ်ထုတ် နိုင်ငံရေးသိပ္ပံ စာစောင် မာတိကာ စာမျက်နှာတစ်ခု ။ ထိုဆောင်းပါးများကို ဝေဖန်ပြီး ဆောင်းပါးရှင်ကို ချီးကျူး ထားသည့် နယူးယောက် သတင်းစာတစောင်မှ ခေါင်းကြီးတခု ။ စာစောင် လေးလေးကြီး တစ်ခုမှ မစ္စတာကွိ အား လူမှု့ရေး သိပ္ပံပညာနှင့် ဆိုရှယ်လစ်ဝါဒ အကြောင်းဆောင်းပါးရေးပေးရန် တောင်းခံစာတစ်ခု စသည်တို့ကို တွေ့ရလေသည် ။

ထိုစာရွက်များသည် အံသြစရာကောင်းလောက်အောင် လေးစားခန့်ညား ထိုက်ပါပေ၏ ။ သို့သော် ရှာလီ၏ စိတ်တွင် အံသြပြီးရင်း အံ့သြရင်း ဖြစ်နေမိသည်မှာ ဖီဖီလို ကလေးငယ်ကို မညှာမတာ မောင်းထုတ် ရက်သည့် လူတစ်ယောက်က သိပ္ပံပညာတို့ အနက် လူသားအဆန်ဆုံး ၊ အသိမ်မွေ့ဆုံး သိပ္ပံပညာတွင် လိုက်စားသူ တယောက်ဖြစ်နေခြင်းပေတည်း ။

စာရွက်များကိုပြန်ပေးရင်းရှာလီက

“မိတ်ဆွေ ထက်တော့ပိုပီး အရေးမရောက်ပါဘူးရှင်” ဟုပြောလိုက်လေသည် ။

“အကြိုက် တမျိုးစီပေါ့လေ”

“ကျမ အမြဲထင်နေတာက လူမှု့ရေးသိပ္ပံပညာ ဆိုတာ လူ့ဘဝနဲ့ လက်ပွန်းတတီးရှိရတယ် ။ လူလူချင်း ချစ်ကြည်ရင်းနှီးမှု့ နှစ်နှစ်ကာကာ အသိအမှတ်ပြုတဲ့ အပေါ်မှာ အခြေခံရတယ် ဒီလိုမဟုတ်ဘူးလား”

“ခင်ဗျား ထင်မြင်ချက်က ခိုင်လုံပါတယ် ။ ဒါပေမယ့် ရှု့မြင်ပုံကတော့ ကချော်ကချွတ်နိုင်တယ် ”

“ဘာပဲ ဖြစ်ဖြစ် လူမှု့ရေးသိပ္ပံ ပညာရှင်မှာ အဲဒီလိုဆက်ဆံရေးမျိုး မရှိဘူးလို့ ရှင်သဘောထားတယ် မဟုတ်လား”

ကွိသည် ရှာလီကို ခပ်တင်းတင်းကြည့်လိုက်သည် ။ ရှာလီ့မျက်လုံးထဲတွင် မကျေမချမ်းအကြည့်ကလေး ကို မြင်လိုက်ရသော အခါမှ သူ့အမူအရာတွင် စိတ်ဝင်စားမှု့ ပထမဆုံးအကြိမ် ပါလာသည် ။

“ဘယ်နည်း ဘယ်ပုံနဲ့ ကောက်ချက်ဆွဲတာလဲ”

“အော် …ကချော်ကချွတ်ကောက်ချက်လို့ ထင်ချင်လဲ ထင်ပေါ့ရှင် ။ အဖေတို့ မိတ်ဆွေတို့ နဲ့ပတ်သတ်လို့ ပြောတဲ့ ရှင့်စကားတွေကို တွေးမိပြီး ကောက်ချက်ဆွဲတာပေါ့”

တကယ်တော့ ရှာလီ အများဆုံးတွေးမိသည်မှာ ဖီဖီ့ ကိစ္စပင်ဖြစ်သည် ။

ရှာလီသည် စားပွဲတဖက်တွင် ကွိနှင့် မျက်နှာချင်းဆိုင်မှ မတ်တပ်ရပ်လိုက်သည် ။ သူ့ပါးကနီထွေးသည် ။သူ့မျက်လုံးက နီလာရောင်လို ကြည်လင်ပြာလဲ့နေသည် ။ သူ့မေးစေ့က ယောကျာ်းမေးစေ့လို ပေါ်လွင်သည် ။ ပြုံးချိုသော နှုတ်ခမ်းအစုံကြောင့်သာ ယောကျာ်းမဆံခြင်းဖြစ်သည် ။

ကွိသည် မျက်မှန်ဝိုင်းကြီးထဲမှနေ၍ သူ့ကို နာသာခံခက်အကြည့်ဖြင့်ကြည့်နေသည် ။

“ခင်ဗျားက သိပ္ပံပညာ လက်တွေ့သုံးနည်းလို့ ခင်ဗျားထင်နေတဲ့ကိစ္စကို သဘောတရားနဲ့ ပလုံးပထွေး လုပ်ပစ်တာကိုး ။ သဘောတရားနဲ့ လက်တွေ့ ဟပ်မှု့ဆိုတာ ကမ္ဘာ့ဝင်ရိုးစွန်းလို လုံးဝ တခြားစီပဲ ။ လူများစု အသုံးပြုဘို့ လူနည်းစုက ရှာဖွေရတယ် ။ ကျွန်တော့်တာဝန်က နောင်လာနောက်သားတွေ အသုံးပြုဘို့ လူ့အဖွဲ့ အစည်းရဲ့ ပညတ်တရားတွေ ၊ ဥပဒေ ထုံးတမ်းတွေကို ရှာဖွေဘို့ပဲ”

“နှောင်းလူးတွေကလဲ အခုရှင် သဘောထားသလိုပဲ လူ့ပညတ်တရားတွေကို လက်တွေ့ဟပ် မသုံးချင်ဘူး ဆိုရင်ကောရှင်”

“သုံးချင်အောင် စည်းရုံးသိမ်းသွင်း ဘို့က အစိုးရအလုပ်ပေါ့”

“အစိုးရ ကလဲဒီတာဝန်ကို ကျောခိုင်းနေရင်ကောရှင် ၊ အစိုးရဆိုတာကကော ဘာလဲ ။ ရှင်တို့လို လူ တယောက်စီ တယောက်စီ ပေါင်းစပ်ထားတဲ့ လူထုကြီးရဲ့ ဆန္ဒသဘောထားတွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့အစည်းပဲ မဟုတ်လား”

“အဲဒီမှာ ခင်ဗျားရဲ့ အခြေခံအမှားတပတ်ကျော့ လာပြန်တာဘဲ ။ ကျွန်တော့်လိုလူက နည်းနည်းလေး ရှိတာ ။ သိပ်အရေးကြီးတဲ့ စာအုပ်ကို ကျွန်တော်ရေးဘို့ဖြစ်လာတာက ကျွန်တော့်အတွက်မဟုတ်ဖူး ။ သား ၊ မြေး၊ မြစ် ၊ ညွှန့် တွေအတွက်ဗျ ။ကျွန်တော်ဒီစာအုပ်ကို ရေးဘို့ပျက်ကွက်ရင် လူ့လောကကြီးထဲ နစ်နာမှာဘဲ ။ ဒီအလုပ်က ဖအေပျောက်ရှာပုံတော်ခင်းတဲ့ အလုပ်မျိုး ၊ မိတ်ဆွေတွေနဲ့ အချိန်ဖြုန်းတဲ့ အလုပ်မျိုးတွေနဲ့ မတူဘူး ။ အဲဒါ တွေက သာမန်လူ သိန်းသန်း ကုဋေ လုပ်လို့ရတယ် ။ ဒီလောက်ဆိုရင် ခင်ဗျား သဘောပေါက်ရောပေါ့”

ရှာလီသည် ကွိ၏ မယုံနိုင်လောက်အောင် ကြီးမားသော အတ္တကို သနားစရာကောင်းကောင်း ၊ ဒေါဖောင်းစရာ ကောင်းကောင်း သိမြင်လာလေ၏ ။

“တခြား လူပေါင်း ထောင်ပေါင်းများစွာလဲ ကိုယ့်အတွက်ကို မဟာ အရေးကိစ္စကြီးလို့ ထင်တလုံး လုပ်တာဘဲ ။ နောက်ဆုံးတော့ အဲဒီလူ အားလုံးလိုလို မှားလေခြင်းဆိုတာမျိုး ဖြစ်ကြရတယ်ဆိုတာ ရှင်စဉ်း စားမိရဲ့လား”

“အဲဒီ အခြားလူတွေရဲ့ အမှားတော်ပုံဟာ ကျွန်တော်နဲ့ ဘာဆိုင်လဲ ။ ကျွန်တော့်အမှားအတွက်သာ ကျွန်တော် တာဝန်ရှိတာပေါ့ ”

“ဒါကြောင့် ရှင်လဲ မှားနေပီလို့ ပြောချင်စရာ ဖြစ်နေတာပေါ့”

“ကျွန်တော် မှားမှမမှားဘဲ ။ ခင်ဗျား ဘယ်လိုလုပ်ပြီး ပိုင်ပိုင်နိုင်နိုင် ပြောနိုင်ပါ့မလဲ ။ ဟာဗေး* လိုလူက သွေးလှည့်စနစ်ကို ရှာတွေ့တယ် ။ အဲဒီရှာဖွေတွေ့ရှိချက်ကို လက်တွေ့ဟပ်သုံးဘို့က သူ့လောက်မတော်တဲ့လူ တွေရဲ့အလုပ်ဘဲ ။ ဝှစ်တနေ**လို လူမျိုးက ၀ါဖတ်စက် ထွင်တယ် ။ အဲဒီစက်ကို အနဲဆုံး ၊ ကပ္ပလီ ဆိပ်ကမ်း အလုပ်သမားတောင် သုံးတတ်တယ် ။ ဒီလို လူတိုင်းသိတဲ့ ကိစ္စတွေကို ဘာဖြစ်လို့ ဖန်တရာတေအောင် ပြော တော့မလဲ ။ သဘောတရား ထုတ်ဖို့ဆိုတာက လက်တွေ့လုပ်ဖို့ထက် ပိုပြီးကြီးမြတ်တဲ့ ပါရမီလိုတယ်ဆိုတာ ခင်ဗျား သဘောပေါက်ပါတယ် ။ လူမှု့ တိုးတက်ဖြစ်ပေါ် ပြောင်းလဲမှု့ဆိုင်ရာ ထာဝစဉ် သဘောတရားတွေကို ထိုးထွင်းသိမြင်တဲ့ လူဟာ အဲဒီသဘောတရားတွေကို လက်တွေ့ဟပ်သုံးဖို့ အတွက် တခြားလူတွေလက်ထဲကို ဝကွက် အပ်ထားခဲ့ရုံ ရှိတော့မပေါ့”

*ဝီလျှံဟာဗေး (၁၅၇၈-၁၆၅၇) ။ ။ အင်္ဂလိပ် သိပ္ပံပညာရှင် ။ လူ့ခန္ဓာကိုယ်တွင် သွေးလှည့်ပတ်မှု့ စနစ်ကို စတင်တွေ့ ရှိခဲ့သည် ။

** ဝှစ်တနေ ၊ အယ်လီ (၁၇၆၅-၁၈၂၅) ။ ။ အမေရိကန် စက်မှု့လုပ်ငန်းရှင်နှင့် တီထွင်သူ ။ သူတီထွင်သော ဝါကြိတ် ဝါဖတ် စက်ကြောင့် အမေရိကန် စိုက်ပျိုးရေးနှင့် စက်မှု့လုပ်ငန်း အကြီးအကျယ် ပြောင်းလဲ တိုးတက် လာခဲ့သည် ။

ရှာလီသည် သူ့ကိုငြိမ်ငြိမ်ကလေး စိုက်ကြည့်နေသည် ။သူကလည်း ရှာလီ့ကို ပြန်စိုက်ကြည့်နေသည် ။ ရှာလီသည် သူမြင်ဖူးသမျှ အင်္ဂါရုပ်များ အနက် အချမ်းမြေ့အတည်ငြိမ်ဆုံး ၊ အင်္ဂါရုပ်ကို မြင်နေရလေသည် ။ ချက်ချင်းပင် ကွိ၏ မျက်လုံးများသည် နာရီပေါ်သို့ရောက်သွားသည် ။ နဖူးကြောများ ရှုံ့သွားသည် ။

“လောလောဆယ်တော့ ကျွန်တော့် အိမ်ခန်းကိစ္စက ရှိသေးတယ်”

“ဟုတ်ကဲ့ ၊ တခြားလူတွေကျင့်သုံးဘို့ ရှင်ရေးနေတဲ့ လူမှု့ရေးသဘောတရားတွေနဲ့ ရှင့်ကိုရှင် တဝမ်းတခါး လှအောင် လုပ်နိုင်မှာလား”

“အို.. မဖြစ်နိုင်ပါဘူး ။ ဒါနဲ့ စားဘို့တော့ မဖြစ်နိုင်ပါဘူး ။ စာအုပ်ထွက်လာရင်တော့ တမျိုးဖြစ်ချင် ဖြစ်မှာ ပေါ့ ။ စာအုပ်ရေးပီးဘို့က နှစ်နှစ်နဲ့ ဆယ်လ လိုသေးတယ် ။ ငွေရှာဘို့ အတွက် အဲဒီအချိန်တွေထဲက တမိနစ်ပဲ ပဲ့ထွက်ထွက် နစ်နာတယ်” ကွိ ကစိတ်ပျက်လက်ပျက် စကားဆက်သည် ။ “ ဘာပဲဖြစ်ဖြစ် ဝင်ငွေရှိအောင်တော့ လုပ်ရအုံးမှာဘဲ ။ နယူးယောက်မှာတုန်းကတော့ ကျွန်တော် ငွေလေးဘာလေး ရှာခဲ့ဘူးပါတယ်”

“ဟုတ်လား”

“အင်း အမျိုးသမီးကြီးတစ်ယောက် ရေးတဲ့ ဝေါဟာရ အဘိဓာန်ကို ကူလုပ်ပေးတာပါ”

“အော်”

“မိန်းမကြီးက စာရူးပေရူးပါ ။ ကျွန်တော်ဘဲ အားလုံးရေးခဲ့တာဘဲ ၊တနာရီ ငါးဒေါ်လာရတယ် ။ အဲဒီလို မိန်းမကြီး မျိုးများ ခင်ဗျား သိထားတာမရှိဘူးလား”

ရှာလီက အဖြေမပေး ။ ကွိ ဖတ်နေသည့် စာအုပ်ကို လှမ်းကြည့်ပြီး စာလုံးများကို ဇောက်ထိုးကြည့်နေ သည်။ ကွိ ဖတ်နေသည့် စာအုပ်မှာ လူမှု့ရေးဗေဒကျမ်း ဆိုသည်ကိုတော့ အလွယ်နှင့်ဖတ်၍ရသည် ။ အကြောင်း အရာ ကိုမူ ခက်ခက်ခဲခဲ စာလုံးပေါင်းနေရသည် ။ မနည်းအာရုံစိုက်မှ “ ပတ်ဝန်းကျင် အသိုင်းအဝိုင်း အပေါ် လူ၏တာဝန်” ဆိုသော အကြောင်းအရာမှန်း သိရတော့သည် ။

တိတ်ဆိတ်လွန်းနေခြင်းကို သတိပြုမိကာ “ခွင့်လွှတ်ပါရှင် ။ ဘာတဲ့” ဟု ရှာလီက မေးလိုက်မိ၏ ။

“ဝေါဟာရ အဘိဓာန်ရေးချင်တဲ့ စာရူးပေရူး မိန်းမကြီး တယောက်တလေများ ခင်ဗျားမသိဘူးလားလို့ မေးနေတာပါ”

ရှာလီခမျာ မသိကြောင်း ဖြေရုံသာဖြေနိုင်ပြီး လူရာမဝင်သော လူမှု့ရေး သိပ္ပံပညာရှင်ကြီး၏ အလုပ် ရှာတော်ပုံကို အနုလုံပဋိလုံ စဉ်းစားနေမိလေသည် ။

“ဒီအခန်းကိစ္စပြီးပြန်အောင် ဝင်ငွေမှန်တဲ့ အလုပ်တခုတော့ လုပ်ရမှာဘဲ ။ တစ်နေ့ တနာရီ နှစ်ရာရီ ဆိုပါတော့ဗျာ ။ ကိုမသိတဲ့မြို့မှာ အလုပ်ရှာရတာတော့ ခပ်ခက်ခက်ဘဲ”

ရှာလီဝေလင်က

“ကျမ ကူနိုင်ကောင်း ကူနိုင်ပါလိမ့်မယ်” ဟုတလုံးချင်း ပြောသည် ။

ကွိက နာရီကို တချက်လှမ်းကြည့်ရင်း

“ကူနိုင်မယ်လို့ ယုံပါတယ် ။ ဒါ့ကြောင့် ခုနှစ်မိနစ်တောင် အချိန်ဖြုန်းပီး ခင်ဗျားကို ချဉ်းကပ်နေတာပေါ့”

“တိုက်ရိုက်မပြောတိုင်း အမြဲ အချိန်ဖြုန်းတာ မဟုတ်ဘူးရှင့်”

ကွိ သည်မျက်နှာ အိုအိုနှင့် ထိုင်နေပြီး ၊ စာရွက်များကို လှန်လှောနေသည် ။

“အဲဒီတော့ ခင်ဗျားက ဘာအကြံပေးချင်လဲ”

ရှာလီသည် ဒေါ်လာနှစ်ဆယ်တန် ငွေစက္ကူကလေးကို ရောင်စုံစားပွဲခင်းပေါ်တွင် ဟိုရွေ့ဒီရွေ့နှင့် အကွက်ဖေါ်နေသည် ။ ကွိကမူ သူ့နာရီကိုသာ လှမ်းကြည့်နေသည် ။

“ကျမကတော့ ပို့စ်သတင်းစာမှာ အလုပ်လျှောက်ကြည့်စေချင်တာဘဲ”

“ပို့စ် ၊ ပို့စ် ဒီမြို့ကမနက်သတင်းစာလား”

“ဟုတ်ပါတယ်”

ကွိက ရယ်ချလိုက်လေသည် ။ တကယ် ဟုတ္တိပတ္တိ ရယ်ခြင်းဖြစ်၏ ။ ရယ်လေ့ရယ်ကျင့်နည်း၍ ပျော့ဖတ်ဖတ်ဖြစ်နေသော ပါးကြောများကြောင့် သူ့ရယ်သံမှာ လေးတွဲ့တွဲ့နှင့် ကြောင်စီစီရယ်သံဖြစ်နေသည် ။

“အဲဒီ သတင်းစာမှာ အခုဘယ်သူခေါင်းကြီး ရေးသလဲ”

“ဗိုလ်မှူးကြီးကောင်း ဆိုတာ ရေးနေပါတယ်”

“အား …ဒါ့ကြောင့်အခွန်စနစ် ကိစ္စခေါင်းကြီးတွေက စစ်သံပေါက်နေတာကိုး ။ တနေ့တုန်းက တပုဒ်ဖတ်မိတယ် ။ သိပ်ရီရတာဘဲ”

“ဗိုလ်မှူးကြီးကောင်းက ကျမမိတ်ဆွေရှင့်”

“သူ့နိုင်ငံရေး ဘောဂဗေဒ အမြင်နဲ့ ဘာဆိုင်လဲ ။ ခင်ဗျားမိတ်ဆွေ ဆိုရင်လဲ ခင်ဗျားမှာ အတော်ရီရတဲ့ မိတ်ဆွေ ရှိတယ်လို့ ပြောရတော့မှာပေါ့”

ရှာလီသည် သိသိသာသာကြီး ကျွဲမြီးတိုကာ ထရပ်လိုက်သည် ။

“ကျမက အကြံပေးတာဘဲ ။ ရှင်စဉ်းစားပေါ့ ။ မင်္ဂလာညပါ”

“အဲဒီသတင်းစာက စာမူခရော ကောင်းကောင်းပေးရဲ့လား”

“ဒါတော့ တိုက်ပိုင်ရှင်တွေနဲ့ပြောပေါ့”

“ဒီ သတင်းစာမှာ ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်သားတတ်တဲ့ လူတွေ လိုနေတာတော့ အမှန်ပဲ ။ ကျွန်တော် လည်း အချိန်တော့ များများမပေးနိုင်ဘူး ။ အိမ်လခ ရရုံလောက်ဘဲ ။ ခင်ဗျား အကြံပေးတာ မဆိုးပါဘူး ။ အလုပ်လျှောက်ရင် ဗိုလ်မှူးကြီးကောင်းကို သွားတွေ့ရမှာလား”

“ပို့စ် သတင်းစာရဲ့ ဒါရိုက်တာ တယောက်နဲ့ ကျမသိပါတယ် ။ သူ့ကိုပြောကြည့်ပါအုံးမယ် ။ အလုပ် နေရာလပ်ရှိရင် ကျမ မိတ်ဆက်စာ ရေးပေးလိုက်ပါ့မယ် ။ ရှင်သူ့ကိုသွားတွေ့လိုက်ပေါ့”

“သူ ကျွန်တော့်ဆီ လာမတွေ့နိုင်ဘူးလားဗျာ ၊ ကျွန်တော် သိပ်အလုပ်ရှုပ်နေလို့ပါ ”

“သူလဲ အလုပ်ရှုပ်တာဘဲပေါ့ရှင်”

“ဟင်း…ကောင်းပါပီလေ ။ ခင်ဗျား အကြံပေးတဲ့ အတိုင်းဘဲ လုပ်ပါတော့မယ်”

ရှာလီ အခန်းအပြင်သို့ရောက်သောအခါ တိတ်တိတ်ချောင်းနားထောင်နေသော ဖီဖီကို တွေ့ရသည် ။

“ရှာလီ အသက်နဲ့ကိုယ် အိုးစားမကွဲသေးဘူးနော် ၊ ဟန်ကျရဲ့လား”

“သိပ်ကိုဟန်ကျတာပေါ့ ။ ဒေါ်လာနျစ်ဆယ်လဲ ရခဲ့ပီ ။ သူ့အတွက်လဲ အလုပ်ရှာပေးခဲ့ပီ”

ဖီဖီသည် ကကွက်ကလေး တကွက်နှစ်ကွက် ကလိုက်ကာ အသံတိမ်ကလေးဖြင့် ကောင်းချီးပေးလိုက် သည် ။

ရှာလီသည် ဖီဖီ့ လည်ပင်းကို ဖက်လိုက်ပြီး

“ဖီဖီရေ အဲဒီလူကို ကြင်ကြင်နာနာ ဆက်ဆံပါကွယ် ။ မမ တွေ့ဖူးသမျှ လူထဲမှာ သနားစရာ အကောင်း ဆုံးလူဘဲ”

အိမ်ပြန်ရောက်၍ ညအိပ်ရာ ဝင်တော့မည်လုပ်မှ သူ့ညီမဝမ်းကွဲကို သူမှာခဲ့သည်မှာ ဂွကျကျ ဖြစ်နေ ကြောင်း စဉ်းစားမိသည် ။ အကြောင်းမူ သူသွားစဉ်က ဖီဖီကို ကြင်ကြင်နာနာ ဆက်ဆံရမည်ဟု မစ္စတာ ကွိအား မာရေကျောရေ ပြောကြားရန် ကြံရွယ်ချက်ဖြင့် သွားခဲ့ခြင်းကြောင့်ဖြစ်လေ၏ ။



အခန်း (၂)

ကွိ


(၂)


ရှာလီဝေလင် အိမ်ထဲသို့ဝင်လာသည်ကို မြင်လိုက်သောအခါ သူ့အဒေါ်အိမ်တွင် လခပေးစားသူ အိမ်ငှားများ လှုပ် လှုပ်ရွရွ ဖြစ်သွား၏။

ဝီလျံကလင်ကာက ညစာကျွေးရာတွင ကူညီရန်လာခြင်း ဖြစ်မည်ဟု ထင်ကြေးပေးသည်။ ယခင်တခါလာစဉ်က ပေါ် တာဟောက် အမဲသားကြော်ကျွေးခဲ့သည်ကို အမှတ်တရပြောသည်။ မစ္စမီလာက မစ္စတာကလင်ကာကို ရုပ်ဝတ္ထုဆန်လွန်း သည်ဟု ပြီတီတီပြောသည်။ ဗိုလ်မှူးဘရွတ်သည် မီးလင်းဖိုဘေးတွင် ထိုင်ကာ ညနေခင်းသတင်းစာ ဖတ်နေသည်။ မစ္စတာ ဘိုင်လက်ရှ်ကမူ ယခင်က ပျိုတိုင်းကြိုက်နှင်းဆီခိုင်ပမာ ဖြစ်ခဲ့ဖူးသော သူ့နှုတ်ခမ်းမွှေး နက်ပြောင်ပြောင်ကြီးကို ပွတ်လိမ်နေ သည်။

“မစ္စတာ ဘိုင်လက်ရှ်ထွက်ပြီး နှုတ်မဆက်တာ ကျမတော့ အံ့သြတယ်”ဟု မစ္စမီလာက မစ္စတာကလင်ကာကို ပြော သည်။

အပြင်ထွက်၍ နှုတ်ဆက်ရကောင်းနိုးနိုး စဉ်းစားနေသည့် မစ္စတာဘိုင်လက်ရှ်က အခန်းထဲရှိ အမျိုးသမီးများနှင့်ပင် မိမိအဖို့ ကျေနပ်လောက်ပါပြီဟု ပြန်ပြောသည်။

“သူ ဘယ်သူနဲ့ တွဲလာတယ် ထင်သလဲ”

ဝီလျံကလင်ကာသည် သူတို့နှစ်ယောက် ခနိုးခနဲ့ပြောနေကြသည်ကို မသိဘဲ စကားဖြတ်ပြောသည်။

“၀က်စ်လေ၊ ချားလ်ဂါဒင်နီယာဝက်စ်နဲ့ဗျ”

မစ္စမီလာက စီကနဲ အော်လိုက်၏။ ကလင်ကာက သူ့စကားကို ဆက်ပြောနေသည်။

“အရင်တခါ သူလာတုန်းကလည်း ပေါ်တာဟောက်အမဲသားကြော် စားရတာပဲ။ ညစာစားပြီးတော့ ဆွေးနွေးပွဲ လုပ် တယ်။ နောက်တစ်နေ့လဲကျရော မီလ်ဟီစာဆိုတဲ့လူ အိမ်ပေါ်က ပြေးရတာဘဲ”

“ကျုပ်မှာတော့ သူ ၀င်ရှုပ်စရာ ဘာကိစ္စမှ မရှိဘူးဗျာ”

ကျွဲမြီးတိုနေသည့် မစ္စတာဘိုင်လက်ရှ်က ၀င်ထောက်၏။

ကလင်ကာက

“ဟုတ်ပါတယ်။ အိမ်သားလိုဖြစ်နေတဲ့လူတွေအတွက် ကျုပ်ပြောတ မဟုတ်ပါဘူး။ ဂဏှာမငြိမ် မဖြစ်စမ်းပါနဲ့။ ကျုပ် အထင်ပြောရရင် ပါရဂူကလေးနဲ့ ပတ်သက်မယ် ထင်တယ်”

ကလင်ကာ ယနံ့မကင်းဖြစ်နေသည်မှာ အကြောင်းမဲ့မဟုတ်။

သူတို့ထိုင်နေသည့် အခန်း၏ အပေါ်ထပ်တွင်လည်း ဤကိစ္စကိုပင် ဆွေးနွေးနေကြလေသည်။ ရှာလီဝေလင်သည် ဇာခန်းဆီးနောက်ကွယ်၌ သူ့အကြောင်း ဘာတွေပြောဆိုနေကြသည်ကို မသိ။ အပေါ်ထပ်သို့ တန်းတက်သွားပြီး ဒေါ်ဒေါ် ဂျင်နီ့အခန်းထဲသို့ အမောတကာ ပြေးဝင်သွားသည်။

သူ့အဒေါ်သည် စားပွဲတွင်ထိုင်ကာ ၀တ္ထုဖတ်နေသည်။ တူမဖြစ်သူကို မော်ကြည့်ပြီး ပါးရေနားရေတွန့်နေသာ သူ့ မျက်နှာတွင် အပြုံးဆင်လိုက်၏။

“အချစ်ကလေး ရှာလီ။ သမီးကိုတွေ့ရတာ ၀မ်းသာလိုက်တာကွယ်”

သူတို့သည် တစ်ဦးကို တစ်ဦး ကြင်နာစွာ နမ်းလိုက်ကြ၏။

“ဒေါ်ဒေါ်ဂျင်နီရယ် ပြောစမ်းပါဦး။ ဒေါ်ဒေါ်ပြောတဲ့လူက လူသေးသေး ငူတူတူ ငိုင်တိုင်တိုင်လား။ မျက်မှန်နဲ့လေ။ ဦးထုပ်အညိုရောင် ဆောင်းတယ်။ ဆံပင်ကလည်း မညှပ်ဘူး။ ကမ္ဘာပေါ်မှာ မျက်နှာကြောအတင်းဆုံးလူ။ အူကြောင်ကြောင် အနိုင်ဆုံးလူလေ။ ဟုတ်လား။ သူလား”

“ချွတ်စွပ်ပါပဲ အချစ်ရယ်။ ဘယ်မှာများ သွားတွေ့လာလို့လဲ”

ရှာလီသည် အိပ်ရာပေါ်သို့ ခြေပစ်လက်ပစ် လှဲချလိုက်ပြီး သူ့အဒေါ်ကို ဖြစ်ကြောင်းရယ်မှကုန်စင် ပြန်ပြေပြနေလေ ၏။

“ဟုတ်ပါတယ်။ သူပါပဲ။ ဒါ့ထက် ဂါဒင်နီယာဝက်စ်က သမီးနဲ့အတူလာသလား။ ညစာစားဖို့ ခေါ်ခဲ့ရောပေါ့ကွယ်။ ဒါပေမဲ့ သူက တို့ဟင်းမျိုးတော့ အရေးစိုက်မှာ မဟုတ်ပါဘူး”

ရှာလီသည် သူ့အဒေါ် တလွဲထင်နေပုံကို မဟုတ်ကြောင်းဖြေရှင်းရင်း ညပိုင်းတွင် အရေးကြီးသောကိစ္စလုပ်ရန်ရှိ၍ ၀က်စ်ကို မဖိတ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။

“ကဲ အလုပ်ကိစ္စ ပြောစမ်းပါဦး။ အဲဒီ ကြွေးငနဲအကြောင်းက ဘယ်လိုလဲ”

“လာမယ့် တနင်္လာနေ့ဆိုရင် လေးပတ်ပြည့်တော့မယ်”

သူ့အဒေါ် မစ္စက်ပိန်တာက ဖတ်လက်စ၀တ္ထုစာအုပ်၏ စာမျက်နှာကြားတွင် ဖိနပ်ဂေါ်ကို ညှပ်လိုက်ကာ ပြောသည်။
“သူကနယူးယောက်ကတဲ့။တယောက်ယောက်က ဒီအိမ်ကို နတ်လမ်းညွှန်လိုက်လို့တဲ့။ ဘယ်သူဘယ်ဝါမှန်းလဲ မသိပါဘူး။ ပြောလဲ မပြောဘူး။ အခန်းကလဲ အားနေတော့ ဒေါ်ဒေါ်က လက်မလွှတ်ချင်ဘူး။ ငါ့အိမ်က လမ်းမကြီးပေါ်မှာသာ ဆိုရင်အေ၊လူကောင်းသူကောင်းတွေနဲ့ လုပ်ရကိုင်ရမှာပေါ့။ အချစ်ကလေးရယ်၊ အေမီမာစဒင် ငွေရွှင်နေပုံများ ပြော မပြောချင်ဘူး။ သမီးသိစေချင်တယ်။ ဒီကောင်မက လည်တယ်မှုတ်လား။”
“မာစဒင်ကိစ္စအသာထားပါအုံး။ ဒီတော့ ဒေါ်ဒေါ်က သူ့ကို အခန်းပေးလိုက်ရောလား။ “
“အင်းပေါ့။ အပေါ်ဆုံးအခန်း ပေးလိုက်တယ်။ သူက အလုပ်အကိုင်ကလဲ ရှိပုံမရပါဘူး။ တနေ့လုံး အခန်းအောင်းနေတော့တာဘဲ။ လူကြီးလူကောင်းသာဆိုရင် မနက်စာစားပြီး အပြင်ထွက်ရမယ်ဆိုတာက မပြောဘဲ နားလည်ရမဲ့ ကိစ္စပဲ။ဒါထားပါတော့ သမီးယုံမှာ မဟုတ်ဘူး။ ဆယ်ရက်သာကြာသွားတယ်။ အခန်းခပေးဖို့ စကားတစ်ခွန်းမဟဘူး။ ဒေါ်ဒေါ်က စကားရိပ်စကားမြွက်တော့ ပြောပါသေးတယ်။ " "မရဘူး မဟုတ်လား" " ဘယ်ရမလဲ။ နောက်ထပ်ဆယ်ရက်သာ ကုန်သွားတယ်။ ကမ္ဘာပေါ်မှာ ငွေဆိုတာ ရှိတယ်လို့တောင် ထင်ရဲ့လား မသိပါဘူး။ ဒါနဲ့ ဒဲ့ဒိုးဘဲ ပြောရတော့တာပေါ့။ သူ့အခန်း တံခါးခေါက်ပြီး ငါ့မှာလဲ ကြွေးပေးစရာတွေရှိနေတယ်။ အခန်းခရရင် သိပ်ကျေးဇူးတင်မှာပဲ လို့ ပြောရတော့တာပေါ့။ အမလေး။ ကုန်စုံဆိုင်စာရေးလို ဒေါ်ဒေါ်ကြွေးပူတောင်းနေရတာ သမီးတို့ အဖိုး ဘုရင်ခံကြီးသာ မြင်ရင် ဘယ်လောက်များ ရင်နာလိုက်မလဲလို့ ဒေါ်ဒေါ်တွေးမိသေးတယ်။ " ရှာလီသည် စကားကို မသိမသာ ဖြတ်ကာ လိုရင်းသို့ ပြန်ရောက်အောင် ဆွဲပြောရသည်။ " အဲဒီင်္တော့ သူက ဘာပြောသလဲ" " အောင်မာ။ သူကတော့ မှင်သေသေပဲ။ စိတ်မပူပါနဲ့တဲ့။ လောလောဆယ် သူ့မှာငွေပြတ်နေပေမဲ့ မကြာခင်ရမှာပါတဲ့။ သူကတော့ ဟိတ်နဲ့ ဟန်နဲ့ မျက်နှာခပ်ပြောင်ပြောင်ပဲ။ " "ဒါပေမဲ့ ငွေစော်ကတော့ မနံဘူးဆိုပါတော့ " "ဟင့်အင်း။ အဲဒီတော့ ရှာလီ ဘာလုပ်မလဲ။ ဒေါ်ဒေါ့်အထင် ဒီသူငယ်က မရိုးမဖြောင့်တော့ မဟုတ်ပါဘူး။ သူ့မျက်နှာမှာ ထူးထူးခြားခြားကြီး ရိုးသားမှုက အထင်းသားပေါ်နေတာပဲ။ လူထူးလူဆန်း ဖြစ်နေတာ တစ်ခုပဲ။ အာရုံလဲ သိပ်စူးစူးစိုက်စိုက်ရှိတယ်။ ဘာခေါ်မလဲ။ ဇွတ်တရွတ်သမား ဆိုရမလားမသိဘူး။”
ရှာလီသည် စားပွဲကို မှီရင်း သူ့အဒေါ်ကို စိုက်ကြည့်နေသည်။
" လူကြီးလူကောင်း တစ်ယောက်လို့တော့ မထင်ဘူးပေါ့ ဟုတ်လား ဒေါ်ဒေါ်ဂျင်နီ"
မစ္စက်ပိန်တာသည် လက်မြှောက်ပြသလို လက်နှစ်ဖက်ကို ဆန့်ကားပြီး " ဒီခေတ်မှာ ဒီစကားလုံးက ဘာမှ အဓိပ္ပါယ်မရှိတော့ပါဘူး။ လူကြီးလူကောင်းဆိုတဲ့ အမျိုးအနွယ်က တို့များခေတ်ကသာ ရှိတာပါ။ ဒီခေတ်မှာတော့ ဘယ်မှာမှ မရှိတော့ပါဘူး။ ၀က်စက်တို့လို ဘတ်လို လူငယ်မျိုးတွေမှာသာ လူကြီးလူကောင်းဆိုတာ တွေ့တော့တာကွယ့်။ ဒီခေတ်အဆင့်အတန်းနဲ့ဆိုရင်”
“ကဲပါလေ။ ဒီခေတ်အဆင့်အတန်းနဲ့ဆိုရင်ရော အဲဒီလိုကို လူကြီးလူကောင်းလို့ ဆိုနိုင်ပါ့မလား။”
“ ဘယ်သိနိုင်ပါ့မလဲ။ ဟုတ်ချင် ဟုတ်မှာပေါ့။ မဟုတ်ခချင်လည်း နေမှာပေါ့။ ဟုတ်မထင်ပါဘူးအေ။ သူများတွေ စိတ်ချမ်းသာဖို့ ကိုယ်ချမ်းသာဖို့ ကိစ္စကို လုံးလုံး အရေးမစိုက်တဲ့ လူစားပဲ။ ဘယ်မှာ လူကြီးလူကောင်း ဖြစ်နိုင်ပါ့မလဲ။”
“ ဒါပေါ့။ သူက အဲဒီလို လူစားထဲဘဲ လား။”
“ ဖြစ်ပုံကလေး ပြောရဦးမယ်။” မစ္စက်ပိန်တာက စကားဆက်သည်။ “ ဒီသူငယ်က တစ်ချိန်လုံး အခန်းအောင်းနေတာပဲ။ စာအုပ်ရေးနေတာ ထင်ပါရဲ့” “
“အမလေး။ ဒီလိုဆို ခြူးတပြားမှ ကပ်မဲ့ လူစားမဟုတ်ပါဘူး။ စိတ်သာချပေတော့။ “
“ အေးလေ ဟိုအပတ်တုန်းက တစ်ည သူလာပြောတယ်။ သူ့အခန်းက သိပ်အေးလွန်းသတဲ့ ။ဒါနဲ့ ညတိုင် ထမင်းစားခန်းထဲ လာထိုင်ပါလားလို့ ဒေါ်ဒေါ်က ပြောလိုက်တယ်။ ဖီဖီကတော့ ခါတိုင်းလိုပေါ့။ အက္ခရာသချာင်္တွက်နေတယ်။ဒီသူငယ်က ဘာသိဘာသာပဲ။ ဒါပေမဲ့ ဖီဖီက အဲဒီညမှာ ချောင်းပိုဆိုးတယ်။ အဲဒီတော့ သူက ချောင်းမဆိုးနဲ့လို့ မာန်တယ်။ ဖီဖီက ချောင်းဆိုးတာ သူလဲ မတတ်နိုင်ဘူလို့ ပြန်ပြောတာပေါ့။ သူက ဒီလိုဆူညံနေရင် သူအလုပ်လုပ်လို့ မရဘူးတဲ့။ ဖီဖီရင်လဲ သွားမှ၊ ချောင်းဆိုးသံရင်လဲ တိတ်မှတဲ့။ ဒါနဲ့ ဖီဖီလဲ သူ့စာအုပ်တွေ သိမ်းပြိး အခန်းထဲ ပြန်သွားရတယ်။ သူ့အခန်းက အေးစိမ့်နေတော့ ချောင်းကလဲ တဟွတ်ဟွတ်ပေါ့။ ပုစ္ဆာတွေ တွက်ရင်း တရှုံ့ရှုံ့ ငိုနေတယ်။ ဒေါ်ဒေါ်သွားတွေ့ပေလို့ပေါ့။ ကလေးကတော့ မတိုင်ပါဘူး။ “
“ တော်တော် တရားလွန်တာပဲ။”
“ကဲ ဒီတော့ ဒေါ်ဒေါ် ဘာလုပ်ရင်ကောင်းမလဲ”
“ ညစာစားပြီးရင် ကျမ သူနဲ့ တွေ့မယ်။ အခန်းခ ပေးရင်ပေး။ ပြောင်းရင်ပြောင်းလို့ ပြောရုံပဲ ရှိတာပေါ့။ “
“ အချစ်ရယ် ဒီလောက် တုံးတိကြိး ပြောဖို့ ကောင်းပါ့မလား”
“ဒေါ်ဒေါ် ဂျင်နီ။ ဒေါ်ဒေါ် ဆွမ်းကြီးလောင်း ၀တ်အသင်းဖွင့်နေတာလား။”
“မဟုတ်တော့ မဟုတ်ဘူးပေါ့ကွယ်”
ရှာလီသည် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး လက်သည်းများကို အလှပြင်ရင်း
“ဒေါ်ဒေါ်က ငွေမတောင်းတတ်သေးပါဘူး။ ကျမကတော့ ဇိုးဇိုးဇတ်ဇတ် ပြောင်ပြောင်ပြောင်တင်းတင်းပဲ။ ပြတ်ပြတ်ပဲ။ မာမာပဲ။ကျမက ဒေါ်ဒေါ်တို့ မကြိုက်တဲ့ လူငယ်ပိုင်း မဟုတ်လား။”

“သမီးကိုတော့ မကြိုက်မရှိပေါင်တော်”

“ ကဲလာ” ရှာလီသည် ခုန်ထလိုက်ပြီး “အောက်ဆင်းကြစို့။ ဒါထက် စောစောက ပြောတဲ့လူရဲ့ နာမည်က ဘယ်သူ”ဟု မေးသည်။

“သူ့နာမည်လား။ ကွိတဲ့။ ဒီနာမည်မျိုးကြားဖူးရဲ့လား။”

“နာမည်ကတော့ ခပ်ဆန်းဆန်းပဲ။ တို့များ ခေတ်တုန်းကတော့ ဒီနာမည်မျိုး မရှိပေါင်။”

“နောက်တစ်ခေတ်ကျလည်း ဒီနာမည်မျိုးကတော့ ရှိတော့မှာ မဟုတ်ပါဘူး။ “

“မစ္စတာ ကလင်ကာ ကတော သူ့ကို ဒေါက်တာ ပါရဂူကလေးလို့ ကင်ပွန်းတပ်ထားတယ်။ နာမည်နဲ့ ရုပ်နဲ့ စာဂျပိုင်း အကျင့်နဲ့တော့ ဟပ်ပါ့ကွယ်။ အိမ်ဖော်တွေကတောင် ဒီနာမည်ပဲ ခေါ်နေကြပြီ။”

“ဒေါ့်ဒေါ့် ဒေါက်တာပါရဂူလေးနဲ့ ကျမကို မိတ်ဆက်ပေးရင် ဒေါ်ဒေါ့်အလုပ်တာဝန်ခံလို့ ပြောနော်။ “

“ စိတ်ချပါ ကလေးရယ်” တူဝရီးနှစ်ယောက် အောက်ထပ်ဆင်းသွားကြ၏။ ဧည့်ခန်းတွင် အိမ်ငှားနေသူများကရှာလီကို တလေးတစား တမြတ်တနိုး နှုတ်ဆက်ကြ၏. ရှာလီလာ၍လား၊ တခြားအကြောင်းကြောင့်လား မသိ။ ယစ်ရွှေရည်ပို၍ မှီဝဲထားသည့် ဗိုလ်မှူးဘရွတ်သည် သတင်းစာကို ပစ်ချကာ ရှာလီကို ဖက်ရမ်းနှုတ်ဆက်သည်။ မစ္စတာ တိုင်လက်ရှ်သည် ရှာလီကို ဧည့်သည် စောင်သည်ပမာ ခေါင်းညွှတ်နှုတ်ဆက်သည်။ မစ္စမီလာက တခစ်ခစ်ရယ်ရင်း ရှာလီကို ခြေဆုံးခေါင်းဆုံး အကဲခတ်နေလေသည်။ ညစာဝိုင်းသည် သွက်လက်မြူးကြွသည်။ ရှာလီဘေးတွင် မစ္စက်ပိန်တာ၏ သမီးငယ် ဖီဖိ ထိုင်သည်။ ဗိုလ်မှူးဘရွတ်သည် စားပွဲထိပ်မှ ထိုင်သည်။ အမဲသားတုံးကြီးကို လှီးလိုက်တိုင်း ကလင်ကာနှင့် သူ မျက်စိကစားသည်။

ဗိုလ်မှူးဘရွတ်ဘေးတွင် သူ့ဇနီးငြိမ်ငြိမ်ကလေး ထိုင်နေသည်။ မယားနှုတ်ဆိတ်သလောက် လင်စကားဖောသည်။ ဗိုလ်မှူးကတော်နှင့် မျက်နှာချင်းဆိုင် စားပွဲ တစ်ဖက်တွင် ကုလားထိုင်တစ်ခု လွတ်နေ၏။ ဒေါက်တာ ပါရဂူကလေး ကွိ ထိုင်သော နေရာ ဖြစ်လေသည်။ ရှာလီနှင့် မျက်နှာချင်းဆိုင်ကုလားထိုင်လည်း လွတ်နေသည်။ ပါမောက္ခအိုကြီး နီကိုလိုဗီးယပ်၏ နေရာ ဖြစ်၏။ အတော်ကြာမှ ပါမောက္ခနီကိုလိုဗီးယပ်ဝင်လာပြီး ခါတိုင်းလိုပင် ဦးညွှတ်နှုတ်ဆက်ကာ သူ့နေရာ သူဝင်ထိုင်လိုက်သည်။ ရှာလီသည် မစ္စမီလာ အပါအ၀င် အားလုါံ်ကို ခင်မင်သော်လည်း ပါမောက္ခအိုကြီးကိုမူ ခင်စရာကောင်းသည်ဟု မထင်။ မျက်နှာက ဇာတ်လူကြမ်းလို မေးရိုးတောင့်တောင့်။ ပြောပုံဆိုပုံက သံသေးသံညောင်။ စကားပေါက် ဆိုးဆိုး။ လူတိုင်းကို ရင့်ရင့်သည်းသည် ပြောတတ်သည်။ အထူးသဖြင့် သူ့ကို မာရေကျောရေ ပြောလေ့ရှိသည်ဟု ရှာလီ ထင်သည်။ ဒေါက်တာ ပါရဂူကလေးကတော့ လုံးဝ မပေါ်လာချော။

ရှာလီက သူ့အဒေါ်ကို ကြည့်ပြီး ကုလားထိုင် လွတ်ဖက်သို့ မျက်ရိပ်ပြသည်။ “ဘာသဘောလဲ မတွေးတတ်ဘူး။” မစ္စက်ပိန်တာက လေသံသဲ့သဲ့ ပြောသည်။

“ခါတိုင်းတော့ အချိန်မှန်တာပဲ” အိမ်ဖော်လူမည်း မလေး အမ်မာက ကွိ၏ အခန်းတံခါးကို ခေါက်သော်လည်း လူသံမကြားရဟု ဆိုသည်။

“ စာအုပ်ရေးရင်း အိပ်ပျော်နေပြီနဲ့တူတယ်။ သူ့စာအုပ်ကလည်း အိပ်ချင်စရာကောင်းတဲ့ စာအုပ်မျိုး ဖြစ်မှာပါ။ “ ရှာလီက မပွင့်တပွင့် ခနဲ့သည်။

ညအခါသော်မှ အိပ်တောင့် အိပ်ခဲ ဖြစ်သော ကွိ၏ အကျင့်ကို မစ္စက်ပိန်တာက ရှင်းပြနေသည်။

ဗိုလ်မှူးဘရွတ်တို့က စကားကောင်းနေကြ၏။ “ ကျွန်တော်ကလေ သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ကလေကလွင့် မဟုတ်တဲ့ ရီပတ်ဘလစ်ကန် * ပါတီဝင်ဆိုလို့ ကျုပ်တစ်ကောင်တစ်မြီးမှ မတွေ့သေးဘူးလို့ ပြောလိုက်တယ်။ “

“ ခင်ဗျားစကားက မစ္စတာ ဆာဖေ့ကို သတိရပြီး မစ္စဝေလင် အသည်းနာအောင် လုပ်နေသလိုပဲဗျာ။” တစ်ချိန်လုံး ငြိမ်နေသော ပါမောက္ခ နီကိုလို ဗီးယပ်က ပြေပြေပြစ်ပြစ် စကားတစ်ခွန်းဝင်ထောက်သည်။ ဗိုလ်မှူးဘရွတ် နှုတ်ဆိတ်သွား၏။ တစ်ဝိုင်းလုံး တိတ်ဆိတ်သွားသည်။ ရှာလီက သူ့ပန်းကန်ကို သူ ကြည့်ကာ တုဏှိဘော လုပ်နေသည်။ ကွယ်လွန်သူ ဟင်နရီဂျီ ဆာဖေ့ အကြောင်း ရှာလီလို အရင်းနှီးဆုံး မိတ်ဆွေများကပင် ဟဟ မပြောသည့်အကြောင်း ကိစ္စ ဖြစ်သည်။ ပါမောက္ခအိုကြီးကမူ တစ်ဝိုင်းလုံး တုတ်တုတ်မှ မလှုပ်ဘဲ ငြိမ်လျက် သူ့အား အပြစ်တင်နေခြင်းကို လုံးဝ အရေးမစိုက်။ တို့တို့တိတိ သုတ်သုတ်စားသဖြင့် မိနစ်နှစ်ဆယ် စော၍ စားသော မစ္စတာ ဘိုင်လက်ရှ်ထက် သူက အရင်ပြီးသည်။
*[အမေရိကန်နိုင်ငံရေးပါတီ။ ။ ၁၈၅၄ ခုတွင် တည်ထောင်သည်။ ငွေဝယ်ကျွန်စနစ်ကို ဆန့်ကျင်သည်။အမေရိကန် ပြည်တွင်းစစ်တွင် မြောက်ပိုင်းသမ္မတက ရီပတ်ဘလစ်ကန် ပါတီဝင် ဖြစ်၍ တောင်ပိုင်းသားများက ရီပတ်ဘလစ်ကန်ပါတီကို ဆန့်ကျင်သည်။]




မစ္စတာ ဘိုင်လက်ရှ်သည် ညစာစားဝိုင်းသိမ်းပြီးသည့်နောက် ဧည့်ခန်း၌ ညရှစ်နာရီခွဲအထိ ရှာလီဝေလင်ကို စောင့်သေးသည်။ အရိပ်အရောင်မျှ မပေါ်လာ၍ မစ္စမီလာကို ရုပ်ရှင်ခေါ်သွားလေသည်။ ညစာစားခန်း သိမ်းဆည်းပြီးသောအခါ ရှစ်နာရီထိုးလေပြီ။

“ ကိုင်း” ရှယ်လီက စကားစသည်။ အိမ်ခန်းခမပေးသော ဒေါက်တာ ပါရဂူကလေးကွိကို ကြွေးပူတောင်းမည့် ရှာလီဝေလင်နှင့် ထိပ်တိုက်တွေ့ပေးရန် စစ်ဆင်ရေး ညှုနှိုင်းပွဲ ထိုင်ကြသည်။ ရယ်ရင်းမောရင်း မဟာဗျူဟာ နည်းဗျူဟာ မျိုးစုံ ချကြသည်။ ကြွေးပူတောင်းမည့်သူကမူ မူလ စိတ်ကူးအတိုင်း ချုံခိုတိုက်နည်းကို အသေကိုင်ထာသည်။

“သူတစ်သက်လုံး အခန်အောင်း မနေနိုင်ပါဘူး။ ဗိုက်ဆာရေငတ်တာနဲ့ ထွက်လာရမှာပါပဲ။ ပန်းသီးထွက်ဝယ်ချင် ၀ယ်မှာပဲ။ စာထွက်ထည့်ချင်” ရှာလီ့ ကုလားထိုင်လက်ရမ်းတွင် တင်ပလွဲထိုင်နေသည့် ဖီဖီသည် ချောင်းတဟွတ်ဟွတ်နှင့် ရယ်နေသည်။

“စာတစ်စောင်မှ ရေးတာမတွေ့ပါဘူး မမရယ်။ သူ့ဆီလည်း စာတစ်စောင်မှ မလာပါဘူး။ ဒီနေ့ည ရောက်လာတဲ့ စာတစ်စောင်ပဲ ရှိသေးတယ်။”

“ရှာလီရေ။ ဒီလိုဆို သူ့ဆီ အလုပ်သဘောနဲ့ စာတစ်စောင်ရေးပြီး တောင်းရင် မကောင်းဘူးလား” မစ္စက်ပိန်တာက အကြံပေးသည်။

“ဒီနည်းကို ကျမစဉ်းစားပြီးပြီ ဒေါ်ဒေါ်။ ဟန်မယ် မထင်ဘူး။ သူဘာလဲ။ ဘာဖြစ်လို့ ငွေမပေးသလဲ။ ပေးချင်တဲ့စိတ် ပေးနိုင်တဲ့ အခြေအနေ ရှိသလား ဆိုတာတွေ သိချင်တာ မဟုတ်လား။ ပြီးတော့ ကျမတို့သဘောထားတွေကိုလဲ ပြောပြဖို့ လိုဦးမယ် ထင်တယ်။”
“အဲဒီတော့။ ဘယ်လို လုပ်မှာလဲ။”
“ဖေဘီယန် နည်းကို သုံးရမှာပေါ့။ စောင့်နေ။ တိတ်တိတ် ချောင်းနေတာ။ ဒါပဲ။ ဒီညမဆင်းရင် ကျမ နက်ဖြန် လာစောင့်မယ်။ တစ်ညပြီးတစ်ည၊ တစ်ညပြီး တစ်ည လာစောင့်မယ်။ တံခါးခေါက်သံ ကြားရတယ်ဟေ့”
မစ္စက်ပိန်တာက လှမ်းကြည့်လိုက်ပြီး “၀င်ခဲ့ပါ” ဟု ခေါ်လိုက်သည်။ တံခါးပွင့်လာသည်။ သူတို့ ပြောနေသူ ကိုယ်တိုင် ကိုယ်ကျ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့ကို ငိုင်ငိုင်ကြီး ကြည့်နေ၏။
“ကျွန်တော် ညစာကလေးများ စားလို့ ရဦးမလား မစ္စက်ပိန်တာ။ ကျွန်တော် အလုပ်ရှူပ်သွားတာနဲ့ အချိန်သတိမထားမိလိုက်လို့ပါ။” ရှာလီက ထလိုက်ပြီး
“စားရပါတယ်။ ကျမယူခဲ့မယ်။”ဟု နှလုံးဖြူအူစင်း လေသံကလေးနှင့် ပြောသည်။ သူ့စိတ်ထဲကမူ “ဘုရားမလို့ ကျားရှေ့တော့ မှောက်ရက်လဲပြီဟေ့” ဟု ကြုံးဝါးလိုက်လေ၏။

[*ရောမစစ်သူကြီး ဖေဘီယမ် မက်ဇီမတ်(ခရစ်မတိုင်မီ ၂၇၅-၂၀၃ ) ၏ စစ်တိုက်နည်း။]





From ကွိ (Queed)

From ကွိ (Queed)

From ကွိ (Queed)

From ကွိ (Queed)

From ကွိ (Queed)

From ကွိ (Queed)

အခန်း (၁)

ကွိ

(၁)

နိုဝင်ဘာလတလ၏ နေ၀င်ဖျိုးဖျ ညနေ ၅ နာရီအချိန်။ လမ်းပေါ်၌ မိန်းမငယ်တဦးနှင့် ခွေးတကောင် လျှောက်လာ ကြသည်။ မိန်းမငယ်သည် ကိုယ်လုံးကိုယ်ဖန် သွယ်သွယ်ကျော့ကျော့။ ခွေးကြီးကမူ ဧရာမ ထွားထွားကျိုင်းကျိုင်း။

ခွေးကြီးသည် နှင်းမုန်တိုင်းမိ၍ သွေးတောင့်နေသော အမေရိကန်ခရီးသွားများကို ပါးစပ်နှင့်ကိုက်ချီကာ ဥရောပ တိုက် အယ့်လ်ပ်တောင်တန်း သာသနာပြုကျောင်းများသို့ သယ်လာလေ့ရှိသည်ဆိုသော ခွေးကြီးမျိုးဖြစ်သည်။ အသက် ဘယ်နှစ်နှစ်ရှိသည်ဖြစ်စေ၊ သူ့အသက်နှင့် နှိုင်းစာလျှင် လွန်လွန်မင်းမင်းထွားကျိုင်းသည်။ မိန်းမငယ်ကမူ အသက်နှင့်စာ လျှင် သေးကွေးသည်။ သူ ရှေ့လတွင် ၂၄ နှစ်ပြည့်မည်။

ကိုယ်ဖန်သေးသော်လည်း အရပ်မနိမ့်။ သာမန်မိန်းကလေးများတွင် မရှိသော လေးလေးပင်ပင်တာဝန်များ သူ့တွင် ရှိသည်။ သို့သော် နောက်ဆုံးပေါ် ဖက်ရှင်ကျကျဝတ်စားထားသည်။ သားမွေးခြုံထားသည်။ သူ့မျက်နှာသည် ယောက်ျားသား တို့ကို သောမနဿပွားစေသည့် မျက်နှာမျိုးဖြစ်သည်။ လမ်းတလျှောက်လုံး သူ့နှင့်တွေ့သမျှ ယောက်ျားပျိုတိုင်း သူနှင့် နှုတ် ဆက်ကြရသည်ကိုပင် မြူးမြူးရွှင်ရွှင် ဖြစ်ကြရသည်။

ထိုမိန်းမငယ်သည် ရှာလီဝေလင် ဖြစ်၏။ ရှားလော့လီကို အတိုကောက်ပေါင်းစပ်ကာ ရှာလီဟု သူကိုယ်တိုင် ထွင် ထားသည့် အမည်ဆန်းဖြစ်၏။ ယနေ့ညနေ သူတွေ့သောယောက်ျားပျိုမျာအနက် တဦးသာ ထူးထူးခြားခြားစန်းပွင့်သည်။ ချားလ်စ်ဂါဒီနာ ၀က်စ် ဖြစ်လေသည်။

ချောခန့်သော သူ့မျက်နှာသည် မိန်းမငယ်နှင့် ခွေးကို မြင်လိုက်ရသောအခါ အပြုံးပန်းဝေသွားသည်။ ရှာလီကို လက် ဝှေ့ရမ်းပြလိုက်ပြီးနောက် ဦးထုပ်ကို ဆွဲ၊ ကုတ်အင်္ကျီကို ဖြုတ်၊ စာရေးများကို မှာပြီး လူတောထဲမှ တိုးဝှေ့လျှောက်လာသည်။ ရှေ့လမ်းဒေါင့်တွင် မိန်းမငယ်ကို မှီလာသည်။

“ကမောက်ကမတွေပါလား။ ခွေးနဲ့ မြို့လယ်ခေါင်လျှောက်လို့။ ခါတိုင်းဆို ခင်ဗျား ဒီအချိန် မြို့အစွန်ဘက်ကို လျှောက်နေကျပါ။ ခွေးလဲ မပါပါဘူး။ ကမ္ဘာကြီး ဘာဖြစ်ကုန်ပါလိမ့်”

“နေကောင်းတယ်နော်” ရှာလီသည် ၀က်စ်က နောက်မှလိုက်၍ အလန့်တကြားပြောလိုက်ခြင်းကို ကျေနပ်သွား သည်။ “ကမ္ဘာကြီးဇောက်ထိုးမိုးမျှော်ဖြစ်သလို ကျမလဲ စိတ်ရူးကလေးပေါက်နေတာကိုးရှင့်။ ဒီနေ့ ရက်အားလေ။ မစ္စတာဒိန်း နေ့လယ်က နယူးယောက် သွားတယ်”

“အော်။ ကြောင်မရှိတော့ ကြွက်

“မဟုတ်ပေါင်။ သူကိုယ်တိုင်က ကျမကို ရက်အားပေးခဲ့လို့ပါရှင်”

“ဒီလိုဆိုလဲ ပြန်တွေ့ကြစို့လား။ တကယ်အညောင်းပြေ လမ်းလျှောက်ရအောင်လေ။ ခင်ဗျားရယ်၊ ကျွန်တော်ရယ်၊ ခွေးကြီးရယ်ပေါ့။ ဒါထက် သူ့နာမယ်က ဘာတဲ့လဲ။ ရိုလိုလား”

“ရိုလိုလဲ မဟုတ်ဖူး။ ထရေးလဲ မဟုတ်ဖူး။ ဖီဒိုလ မဟုတ်ဖူး။ ဘီးတဲ့။ ဘီဘီမော့*ကို အတိုကောက်ခေါ်တာ။ ကျမ၀ယ် တုန်းက သူ့နာမယ်က ဖရက်တဲ့။ ဒါပေမယ့် သူက ဘီးဆိုတဲ့ နာမယ်နဲ့ မွေးလာတာကျနေတာဘဲ။ ဒီနာမည်ကို သိပ်မှတ်မိ တယ်။ ကြည့်”

[* သမ္မာကျမ်း၊ ယောဘ၀တ္ထုလာ ဗေဟမုတ်သတ္တ၀ါကြီး။ ။ “အရိုးငယ်တို့သည် ကြေးဝါချောင်း၊ အရိုးကြီးတို့သည် သံတုံးကဲ့ သို့ ဖြစ်ကြ၏။ ဘုရားသခင် ဖန်ဆင်းသောသတ္တ၀ါတို့တွင် ထူးဆန်းသော သတ္တ၀ါဖြစ်၏” (ယောဘ၀တ္ထု ၄၀း၁၈-၁၉။)]

ရှာလီသည် လေချွန်သံကလေး ပေးလိုက်သည်။ “ဘီး ဘီး။ ဟောကြည့်၊ ကြည့်။ ပြန်လှည့်လာဘီ”

ဝက်စ်က ရယ်လိုက်၏။

“ဒါထက် နေပါအုံး။ အညောင်းပြေ လမ်းလျှောက်မယ်ဆို”

“မလျှောက်အားပါဘူးရှင်။ ညနေ နှစ်နာရီကတဲက ဗာဟီရတွေ များနေတ။ ဒါတောင် လုပ်စရာတွေကလဲ ကျန်သေး တုန်းဘဲ။ ကျမ ဒီနေရာက လမ်းကူးမယ်”

လမ်းတွင် တွေ့သမျှလူတိုင်းက သူတို့ကို နှုတ်ဆက်ကြ၏။ ရှာလီ့ထက် ၀က်စ်ကို ပို၍ပြောကြဆိုကြ မေးမြန်းကြ သည်။ သူတို့နှစ်ယောက်လုံး ဤမြို့မှာ မွေး၊ ဤမြို့မှာ ကြီးပြင်းကြသည်။

သို့သော် ၀က်စ်ကို ရှာလီသိသည်မှာ မကြာသေး။ အရင်က အဝေးကသာ သိနေခဲ့၏။ ရှိုးရှန့်ရှန့်နှင့်သာ အထင်ကြီး နေခဲ့ရသည်။ အိမ်ရှေ့စံမင်းသားချောနှင့် နန်းတွင်းအပျိုတော်ကလေး၏ ဆက်ဆံရေးမျိုး ဖြစ်သည်။

ဝက်စ်သည် အသက်သုံးဆယ် ပီပီမပြည့်တတ်သေး။ သို့သော် လူရေးလူစ ကောင်းသူဖြစ်နေပြီ။ သူ ဦးဆောင်လုပ် ကိုင်နေသည့် ဆင်ပယ်နှင့် ၀က်စ်ကုမ္ပဏီသည် သာမန်ပွဲရုံလုပ်ငန်းမျှဖြစ်သော်လည်း ငွေရေးကြေးရေး အထုပ်အထယ်ကြီး သည့် လုပ်ငန်းဖြစ်သည်။

နှစ်ယောက်သား လမ်းကူးရန် ရပ်စောင့်ကြသည်။ ထရော်လီလျှပ်စစ်ကားများက တရွေ့ရွေ့တန်းစီသွားနေကြသည်။ ကုန်တင်ကားများက အိမ်အပြန် မြန်မြန်မောင်းနေကြသည်။ ကုန်ပို့ကားများက တ၀ှီးဝှီးကွေ့နေသြည်။ ကားချင်းဝင်ဆောင့်မိ ကြ၊ ဒရိုင်ဘာချင်း ဟွန်းတဘော်ဘော်တီးကြနှင့်။ လမ်းကူးနေရာတွင် ပင်ပန်းနွမ်းနယ်နေကြသော အလုပ်ပြန်များ ပြည့်ညပ် လာသည်။

“ကျွန်တော်တို့ခေတ်က သိပ်စိတ်ဝင်စားစရာကောင်းတယ်။ ကိုယ့်မျက်စိအောက်မှာ ကိုယ့်မြို့ကလေး မြို့ကြီးပြကြီး ဖြစ်လာတာကို လူတိုင်းမြင်ရခဲသား”

“အရင်ကဆိုရင် လမ်းပေါ်မှာ မျက်နှာစိမ်းတွေ့ရတာကိုက ရင်တုန်စရာနော်။ အိမ်ပြန်သွားရင် မိသားစုကို ပြန်ပြောရ တာက အမော။ နောက်တနေ့ကျရင်လဲ ငွေဇွန်းတွေပျောက်သလားလို့ ဇွန်းတွေပြန်ရေရသေးတာ။ ဘီး” ရှာလီက ၀က်စ်ကို ပြောရင်း ခွေးကို ဟန့်သည်။

“ဒါက ဘ၀သံသရာဘဲ။ အဟောင်းဆိုတာ ပြောင်းလဲတာမျိုးဟာလား”၀က်စ်သည် အိမ်ပြန်ချိန်မျက်နှာများကို ငဲ့ စောင်းကြည့်လိုက်၏။ “လူတွေရဲ့ ထာဝရလျှို့ဝှက်ချက်။ သူတို့မျက်နှာတွေကြည့်ပီး သူတို့တတွေ ဘာတွေလုပ်ပါလိမ့်၊ ဘာ တွေတွေးပါလိမ့်၊ ဘာတွေ မျှော်မှန်းပါလိမ့်၊ ဘာတွေ စိတ်ကူးပါလိမ့်ဆိုတာ မစဉ်းစားမိဘူးလား”

“ငွေ ဘယ်လိုပိုရအောင် လုပ်ရမလဲဆိုတာ တခုဘဲ တွေးမှာပေါ့။ တကမ္ဘာလုံးပါဘဲလေ။ သူများဆီက ငွေတွေကို ဘယ်လိုလုပ်ယူရမလဲဆိုတာဘဲ လူငယ်တွေ နေ့မအိပ် ညမအိပ် ဆင်ကြံ ကြံနေကြတာ။ အဲဒီလိုလူငယ်မျိုးတွေမှာ အမေရိ ကန်စိတ်ဓာတ်ဘဲ။ ဒီမြို့မှာလဲ ဒီလိုလူငယ်တွေ ပျားပန်းခက်ဖြစ်နေပြီ။ မြို့ဖျက်ဖို့ လိုက်ရှာနေတဲ့ ဂေါ့သ်* ကလေးတွေလေ”

[*၃ ရာစုမှ ၅ ရာစုအတွင်း ရောမလက်နက်နိုင်ငံတော်ကြီးကို ၀င်ရောက်လုယက်ဖျက်ဆီးခဲ့ကြသည့် ဂျာမန်အနွယ်လူမျိုးများ]

“ကျွန်တော်က ကိုယ့်ငွေသာ သူများအနှိုက်ခံမယ့် လူစားပါဗျာ”၀က်စ်က ရယ်သည်။ ရှာလီကလည်း မြူးမြူးကလေး ရယ်သည်။

“ကျွန်တော် လေကြောရှည်နေတာနဲ့ လမ်းတောင် မကူးနိုင်ပြန်ဘူး။ ဒါထက် နေပါအုံး။ ခင်ဗျားရဲ့ အားရက်ဆိုတာက လဲ လုပ်စရာကိစ္စတွေ များလိုက်တာ၊ ဘယ်လောက် ကျန်သေးသလဲ”

“စာရေးစက္ကူတွေ အရင်သွားဝယ်ရမယ်။ ကျမတို့ရုံးအတွက်ပါ။ ဘီး၊ လာစမ်း။ ဒီအိတ်ထဲကငွေတွေ အကုန်ဝယ်ရမှာ။ ဘီး၊ ကျမ ဒီခွေးကို လည်ပင်းကြိုးတပ်လာခဲ့ရ ကောင်းသား။ သူတော့ နာခါနီးနေပြီ”

“သူမနာဘဲ တခြားလူနာခါနီးပီလို့ကော မထင်ဘူးလား။ လမ်းဟိုဘက်က မျက်မှန်နဲ့ ကြောင်စီစီလူ ဆိုပါတော့။ သူ့ ကြည့်ရတာ သူ ဘယ်နေရာရောက်နေလို့ ရောက်နေမှန်း သိပုံမရဘူး”

“ဟဲ့ ဘီး၊ စာရေးစက္ကူတွေ ၀ယ်ပြီးရ်င ဒေါ်ဒေါ်ဂျင်နီ့ဆီ ကြွေးပူတောင်းဘို့ သွားရအုံးမယ်”

“ကိုယ့်အဒေါ် ကိုယ် ကြွေးပူတောင်းရမယ်လို့ဗျာ”

ရှာလီက ရယ်ရင်း “မဟုတ်ပါဘူးရှင်။ သူ့အတွက် ကြွေးပူတောင်းပေးရမှာပါ။ ဒေါ်ဒေါ်က သိပ်အားနာတတ်တာ။ သူ့ အိမ်မှာ ငှားနေပီး ငွေမပေးတဲ့လူတယောက် ရှိနေလို့။ ဘီး။ ဟဲ့ ဘီး။ ဘီး။ ဘုရားရေ။ ထင်တဲ့အတိုင်း ဖြစ်ကုန်ပီ”

လမ်းတဖက်မှ မျက်မှန်နှင့်လူငယ်သည် စက္ကူအိတ်ထဲမှ ပန်းသီးကို ငူငူငိုင်ငိုင် နှိုက်စားရင်း လမ်းဖြတ်ကူးလိုက်သည်။ ဈေးကားက သူ့ကို ပွတ်သွားသည်။ နောက်က ယာဉ်ထိန်းရဲလိုက်လာ၍ အပြင်းမောင်းပြေးလာခြင်း ဖြစ်သည်။ ယာဉ်ထိန်းရဲ ကားသည် မျက်မှန်နှင့်လူငယ်ကို မကြိတ်မိရန် တအားဆွဲကွေ့လိုက်ရာ ဧရာမခွေးကြီးကို တိုက်မိမလို ဖြစ်သွားသည်။ ဘီးက “သေမယ့်ဘေး ခုန်နိုင်မှ လွတ်တော့မကိုး”ဟု တွေးမိရော့သလား မသိ။ တအားကျုံးခုန်လိုက်သည်။ ယာဉ်ထိန်းရဲကားနှင့် တော့ လွတ်သွား၏။ သို့သော် မျက်မှန်နှင့်လူငယ်အပေါ်သို့ ခုန်အုပ်မိလျက်သားဖြစ်ကာ လမ်းပေါ်သို့ ၀ုံးကနဲ လုံးထွေးလဲကျ သွားသည်။

လူငယ်သည် ချက်ချင်း ငုတ်တုတ်ထထိုင်လိုက်၏။ သူ့ဦးထုပ်ပေါ် သူ ထိုင်မိလျက်သားဖြစ်နေ၍ ဦးထုပ်ပျောက်နေ သည်။ စက္ကူအိတ် ပေါက်ပြဲသွား၍ ပန်းသီးများ လိမ့်ထွက်ကုန်သည်။ ညနေ သတင်းစာပို့သမားကလေးများက ဟေးလား ဟားလားအော်ဟစ်ကာ ပန်းသီးများကို ကောက်စားကြသည်။ ရှာလီ ပြေးလာသည်။ သူ့မျက်နှာပေါ်တွင် စိုးရိမ်ရိပ်သန်းနေ သည်။

“ခွေးကို ခွင့်လွှတ်ပါရှင်။ လန့်သွားလို့ ဖြစ်ရတာပါ။ နာသွားသလားဟင်”

လူငယ်သည် လမ်းလယ်ခေါင်တွင် တည်တည်ကြီးထိုင်ရင်း ရှာလီဝေလင်ကို မသိကျိုးကျွံ မော့်ကြည့်သည်။

“ဘာမှ ပြောစရာမလိုပါဘူး။ ပန်းသီးတွေ ပျောက်ကုန်တာဘဲ ဆိုးတယ်”

လူတွေ ချက်ချင်းအုံလာသည်။ လမ်းလယ်ခေါင်တွင် ကိုယ့်ဦးထုပ်ပေါ် ကိုယ်တက်ထိုင်နေသည့် စာဂျပိုးရုပ်ပေါက်နေ သောလူငယ်အား စိတ်အိုက်လက်အိုက်ဖြစ်နေသော အမျိုးသမီးကလေးတဦးက ခယ၀ယ တောင်းပန်နေသည်ကို ၀ိုင်းကြည့် ကြသည်။

“နေစမ်းပါအုံး။ ဒီလောက်ကြီးတဲ့ ခွေးကြီးကို ဘာလုပ်ဖို့ မွေးရတာလဲ။ သူက ဘာအသုံးကျသလဲ” လူငယ်က မေး သည်။

ရှာလီသည် ရယ်လုရယ်ခင် မျက်နှာထားဖြင့် “အသုံးချဖို့ မွေးတာမျိုး မဟုတ်ဖူးရှင့်။ အပျော်မွေးတာ။ ကြီးကြီးလှလ ပျော်ရတဲ့ခွေးရှင့်”

လူငယ်သည် ဖင်ခုထိုင်ထားမိသော ဦးထုပ်ကို ဆွဲထုတ်ပြီး ဦးထုပ်ပုံပန်းပေါ်အောင် ဟိုဖိ ဒီဖိလုပ်ရင်း “ကျွန်တော့်အ တွက်တော့ မပျော်ရပါဘူးဗျ”

ဝက်စ်သည် လူအုပ်ကြားမှ တိုးလာရင်း ပြုံးပြုံးကလေး ဦးညွှတ်ပြောလိုက်သည့် ရှာလီ၏ စကားသံကို ကြားလိုက်ရ သည်။

“ရှင် အနာတရမဖြစ်တာ ၀မ်းသာပါတယ်ရှင်။ ကျမခွေးက ရှင့်ကို ပျော်အောင်မလုပ်နိုင်ပေမယ့် သူ့ကို ရှင်ပေးတဲ့ ပျော်ရွှင်မှုကတော့ တကယ်ကြီးပါပေမယ်”

ဝက်စ်သည် လူငယ်ကို ယဉ်ကျေးစွာ ဆွဲထူပေးသည်။ မတော်တဆဖြစ်မှုအတွက် ဖွယ်ဖွယ်ရာရာ ၀မ်းနည်းစကား ပြောသည်။

ရှာလီဝေလင် တလှမ်းချင်း လျှောက်သွားသည်။ ၀က်စ်က အမီလိုက်သွားပြီး “ခင်ဗျားကို မြင်လိုက်တော့ သူက မိုက် မိုက်ကန်းကန်းများ ပြောနေသလားလို့ဗျာ”

ရှာလီက “သူစိတ်ဝင်စားတာ ပန်းသီးနဲ့ ခွေးဘဲ။ ရုက္ခဇီဝ သဘာဝတ္ထပညာရှင်များ ဖြစ်နေလား မသိပါဘူးရှင်”

“ဂေါ့သ်ကလေးတော့ ဟုတ်ပုံ မရပါဘူး။ သူ့အင်္ကျီအိတ်ထဲမှာ စာအုပ်တွေ့တယ် မဟုတ်လား။ “လူသားတို့၏ ဘာသာတရား”ဆိုတဲ့ စာအုပ်လို့ ထင်တာဘဲ။ ဒီခေတ်မှာ ကွန့်*ရေးတာ ဖတ်တဲ့လူမျိုးလဲ ရှိသေးသကိုး”

[* ကွန့်၊ သြဂစ်မေရီ ဖလန်ဆွာ (၁၇၈၉-၁၈၅၈)။ ။ ပြင်သစ် ဒဿနိကပညာရှင်၊ ထာဝရတရားနှင့်စပ်လျဉ်း၍ အစွဲအလန်း ခန့်မှန်းချက်များကို ပယ်ပြီး လက်ဆုပ်လက်ကိုင် ပိုင်ပိုင်သိမြင်သောအချက်များကို လက်ခံသည့် ပေါ့ဇတစ်ဝါဒကို စတင်ဖော် ထုတ်သူ။ လူမှုရေးသိပ္ပံကို ရူပဗေဒနည်းဖြင့် ရှုမြင်သည်။ လူ့သမိုင်းကို အဆင့်ဆင့်ပိုင်းခြားသည်။ တရားသေများကို ဖြစ်ရပ် မှန်အသိတရားနှင့် အစားထိုးနိုင်သည့်အဆင့်ကို အမြင့်ဆုံးဟု သတ်မှတ်သည်။ လူသားဝါဒပေါ်တွင် အခြေခံသော သာဘာ ရေးအသစ်တရပ် တီထွင်ထူထောင်ရန် အဆိုပြုသည်။]

“ကျမတို့တော့ မဖတ်ပေါင်”

“အလကားစာအုပ်ပါဗျာ။ ကျွန်တော့်မိတ်ဆွေ သဌေးတယောက် ပြောဘူးတယ်။ အဲဒီစာအုပ်မျိုးဖတ်တဲ့လူဟာ ၀င်ငွေ တနှစ် ဒေါ်လာထောင့်ရှစ်ရာကျော်ဘို့ ဝေလာဝေးဘဲတဲ့”

စာရေးကရိယာဆိုင်သို့ ရောက်လာသည်။ ရှာလီသည် စာရေးစက္ကူနှင့် ရုံးသုံးဆောင်ပစ္စည်းများ ၀ယ်သည်။ ဘီးအ တွက်လည်း ခွေးလည်ပတ်ကြိုးတခု ဈေးဆစ်ဝယ်သည်။

ရှာလီ့အိမ်သို့ ရောက်သည်။ ခွေးကြီးကို ထမင်းချက်ထံ အပ်လိုက်၏။ ရှာလီသည် အိမ်ပေါ်သို့တက်ကာ မိခင်ကို နမ်း ခဲ့သေးသည်။ ထို့နောက် မြို့ဟောင်းပိုင်းရှိ ရှာလီ့အဒေါ်အိမ်ဘက်ဆီသို့ လမ်းမီးရောင်အောက်မှ ဆက်လျှောက်လာခဲ့ကြ၏။

လမ်းလျှောက်လာရင်း ရှာလီက ၀က်စ်၏ လုပ်ငန်းကိုင်ငန်းအခြေအနေကို မေးသည်။ ၀က်စ်သည် စီးပွားဥစ္စာတက် နေသော်လည်း မချင့်မရဲဖြစ်နေသည်။ သူ့နှလုံးသားက ငွေဖလှယ်သူပွဲစားများနှင့် မပျော်ပိုက်ဟု ဆိုသည်။

ဝက်စ်က လေးလေးပင်ပင်ကြီး ပြောနေသည်။ “တခါတလေ ငါ တနေ့လုံး ဘာတွေလုပ်ခဲ့သလဲလို့ ညတိုင်း ကျွန်တော် ပြန်စဉ်းစားမိတယ်။ ဘာအဓိပ္ပာယ်ရှိသလဲလို့လဲ ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်။ တကမ္ဘာလုံးရဲ့ ငွေကြေးလုပ်ငန်း တွေ ကျွန်တော်လုပ်ရလို့ကော ဘာတွေ မယ်မယ်ရရ လုပ်နိုင်မလဲ။ ငွေတွေ အများကြီးရရင် ဆေးရုံတွေ ဆောက်ပစ်လိုက်ပေါ့ လို့ ခင်ဗျားက ပြောမယ်။ ကျွန်တော်လုပ်ဖြစ်မယ် ထင်သလား။ မလုပ်ဖူး။ ငွေပိုရရင် ငွေပိုလိုချင်မှာဘဲ။ ကျွန်တော့်အကြံတွေ မျှော်မှန်းချက်တွေလဲ ငွေကိစ္စနဲ့ဘဲ ဇယားရှုပ်နေတော့မှာဘဲ။ ခေါင်းတလုံးနဲ့ အိုးနှစ်အိုး မရွက်နိုင်ပါဘူးဗျာ။ လူထုမြှင့်တင်ရေး လုပ်ငန်းဆိုတာက ဒီအလုပ်တွေနဲ့ တခြားစီဘဲ”

“ရှင် ငွေတွေရှာပေါ့။ ကျမ သုံးပေးမယ်လေ”ရှာလီက ရယ်သံနှင့် ပြောသည်။

“ကျွန်တော် ဒီအလုပ်က ထွက်တော့မယ်”၀က်စ်က ပြောသည်။ “ဆမ်ပယ်ကိုလဲ ပြောပြီးပြီ။ ကျွန်တော်က ခင်ဗျာ့းအ လုပ်မျိုး ကြိုက်တာ”

ရှာလီသည် မဲ့ပြုံးကလေးပြုံးကာ “ကျမ အခုလုပ်ရမယ့်အလုပ်မျိုးကတော့ မဟန်လှပါဘူးရှင်။ အမလေး၊ ရှင်သာ လုပ်ချင်ရင် ပေးလိုက်ပါရဲ့”

“အင်း။ အလကားရတဲ့နွား သွားတော့ ဖြဲကြည့်အုံးမှ။ ဘာအလုပ်တဲ့လဲ”

“ကြွေးပူတောင်းတဲ့ အလုပ်လေ”

“ဟုတ်သားဘဲ။ ခင်ဗျာ့းခွေးကြီး လူဝင်တိုက်တာနဲ့ စကားပြတ်ပြီး မေ့သွားလို့”

“အိမ်ခန်းငှားစားတဲ့သူတိုင်း ပြောနေကျဇာတ်လမ်းနမျိုးပါရှင်။ ဒီလူက ဒေါ်ဒေါ်ဂျင်နီ့အိမ်မှာ ငှားနေတာ တလနီးပါးရှိ နေပြီ။ ငွေဆိုလို့ ဖြူသလား မဲသလားတောင် မသိရသေးဘူး။ ဒေါ်ဒေါ်က သူ မရှက်အောင် ရိုးတိုးရိပ်တိတ်တော့ တခါ နှစ်ခါ ပြောပါရဲ့။ မရလို့ ကျမကို တယ်လီဖုန်းနဲ့လှမ်းခေါ်တာ။ ကျမက ကိုယ်စားလှယ်လုပ်ရအုံးမယ်”

“ဒီတော့ ခင်ဗျားက ဘာလုပ်မှာလဲ”

“အဲဒီလူနဲ့ စကားပြောပြီး ငွေတောင်းရမှာပေါ့။ မရရင်”

“မရရင် ဘာလုပ်မှာလဲ”

“မောင်းထုတ်ပစ်မှာပေါ့”

ဝက်စ်က တဟားဟားရယ်လိုက်၏။ သူ့မျက်နှာသည် ရွှင်ပြုံးနေချိန်တွင် စွဲမက်စရာအကောင်းဆုံးဖြစ်၏။

“ယုံပါတယ်ဗျာ”

“ကျမ ဒီလိုလုပ်ခဲ့ပေါင်း များလှပါဘီ”

“၀ုန်းဝုန်းဒိုင်းဒိုင်းများ ဖြစ်တတ်သေးသလား”

“မဖြစ်ပေါင်။။ ကျမ တခွန်းပြောလိုက်ရင် ၀ပ်သွာတားချည်းဘဲ။ သိုးကလေးတွေလို တန်းစီထွက်သွားတာပါဘဲ။ ကောက်ရိုးခြေထောက် မြက်ခြေထောက်ပေါ့”

“ဒါ ခင်ဗျာ့းအဒေါ်အိမ်လား”

“မရောက်သေးဘူး။ ရှေ့လမ်းဒေါင့်ကျမှပါ။ အလို၊ ဘုရားရေ။ ကြည့်၊ ကြည့်”

ရှာလီဝေလင့်အဒေါ်၏ အိမ်ပေါ်သို့ လူငယ်တဦး တက်သွားသည်။ သူ့အ၀တ်အစားက ဖုံအလိမ်းလိမ်း။ လမ်းလျှောက် ပုံက ထော့နင်းထော့နင်း။ သူ့တို့ကြည့်နေခိုက်မှာပင် ထိုလူငယ်သည် ဒေါ်ဒေါ်ဂျင်နီ၏ အိမ်တံခါးကို ဖွင့်ဝင်သွားသည်။

ဝက်စ်နှင့် ရှာလီသည် တုံ့ကနဲရပ်လိုက်ပြီး တဦးကို တဦးကြည့်လိုက်ကြသည်။ ၀က်စ်သည် မပြုံးဘဲ ၀ါးလုံးကွဲ ရယ်ချ လိုက်၏။

“ကိုင်း၊ ခင်ဗျား သူ့ကို မောင်းထ်ုဖို့ ရဲဆေးတင်ပေအုံးတော့”

ဘာသာပြန်သူ ဦးဝင်းတင်၏ အမှာ









(ရိုက်ဆဲ)