Tuesday, October 14, 2008

ဂျနယ်ကျော်မမလေး၏အမှာ

ဂျနယ်ကျော်မမလေး၏အမှာ

- ၁ -

“ဟောဒီမှာ ကွိ ဘာသာပြန်ခင်ဗျ”

ကျမအလုပ်ခန်းထဲသို့ စာရေးဆရာမြသန်းတင့်သည် “ကွိ”ဘာသာပြန် စာမူကြီးကို ပိုက်ဝင်လာကာ ကျမစားပွဲပေါ်၌ ပုံချရင်း ပြောလိုက်သည်။ ကျမမှာ စာမူထပ်ကြီးကိုကြည့်လိုက်၊ မြသန်းတင့်၏ မျက်နှာကို မော့ကြည့်လိုက်ဖြင့် တဒင်္ဂ အသက်ရှူမှားလောက်အောင် ကြက်သေ သေနေသည်။

“ကိုဝင်းတင် ဘာသာပြန်ထားတယ်။ ဒေါ်မမလေး အမှာရေးပေးဖို့ ကျွန်တော့်ကို ပေးခိုင်းလိုက်တယ်”

ကျမကြာရှည် ကြက်သေသေမနေစေရန် သူက ဆက်ပြောပြသည်။ ကိုဝင်းတင်ဟု သူပြောလိုက်မှပင် ကြက်သေသေနေသော အရှိန်တို့သည် တစစ ပြေ၍သွားသည်။ ငွေတာရီ မဂ္ဂဇင်း၌ “ကွိ”စာအုပ် ပျောက်ဆုံးမှုဖြင့် စာဖွဲ့ခဲ့သော ကိုဝင်းတင်၏ ဆောင်ပါးကို ဖတ်ရပြီးကတည်းက “ကွိ”ပေါ်၌ စွဲလမ်းသူများတွင် ကျမတစ်ဦးတည်း မဟုတ်ဘဲ ကိုဝင်းတင်တစ်ဦးပါ အဖော်တိုးလာသည်ဟု အစွဲအမြဲမှတ်သားခဲ့သည်။ ထိုမှတ်သားထားသော အမှတ်ထားမှုကြောင့် ဘာသာပြန်သူ “ကိုဝင်းတင်”ဆိုတော့မှပင် ကြက်သေသေနေသော အရှိန်တို့ ပြန်၍ ပြေသွားခြင်းဖြစ်သည်။

“ကွိ”စာအုပ်ကို အကြိမ်ကြိမ်မှ အကြိမ်ကြိမ် ကျမ ကြော်ငြာခဲ့ဖူးသည်။ ဘာသာပြန်လိုသော ဆန္ဒစောခြင်းကြောင့်သာ ကြော်ငြာပြီးရင်း ကြော်ငြာနေသည်။ စာအုပ်ထဲ၌ ကိုးကားညွှန်းဆိုထားသော အချက်အလက်များ၊ စကားလုံး ဝေါဟာရများ၏ အနက်အဓိပ္ပာယ်များကို စာဖတ်သူများ လွယ်ကူစွာ သိမှသာလျှင် ရသပို၍ မြောက်ပေမည်။ ထိုသို့ အထောက်အထားပြုချက် ဝေါဟာရ အနက်အဓိပ္ပာယ်များကို ရှာဖွေစုဆောင်း ရှင်းလင်းပြရမည့်လုပ်ငန်းသည် အချိန်ပေးရမည့် မောစရာ နောက်ဆက်တွဲလုပ်ငန်း ဖြစ်ခြင်းကြောင့် စိတ်ရှိတိုင်းကိုယ်မပါနိုင်ဘဲ နှစ်ပေါင်းများစွာ ကြံ့ကြာချင်တိုင်း ကြံ့ကြာနေခဲ့သည်။

ငွေတာရီမဂ္ဂဇင်း၌ “ကိုဝင်းတင်”၏ ဆောင်းပါးကို ဖတ်ရှုရပြီးနောက် “ကိုဝင်းတင် ဘာသာပြန်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲ”ဟု တောင့်တမိခဲ့ဖူးသည်။

“ကွိ”ဘာသာပြန်ရေးကိစ္စသည် ဘယ်သောအခါမှ ဖယ်ရှား၍မရအောင် တစ်သက်တာတွင် လုပ်စရာကျန်နေ သည့် တာဝန်တစ်ရပ်ကဲ့သို့ ကျမခေါင်းထဲ၌ ထာဝစဉ် သံမှိုစွဲလျက်ရှိသည်။

ဘာသာပြန်ရန် တာဝန်ပျက်ကွက်ခြင်းဖြင့် သံသရာရှည်ကြာလာစဉ် သားသမီးသုံးယောက်အနက် မောင်မိုးဟိန်းကို “ကွိ”စာအုပ်ပေးအပ်ပြီး ဤစာအုပ်ကို ဘာသာပြန်ရမည်။ မဖြစ် ဖြစ်အောင်ပြန်၊ ငါပါဝိုင်းကူညီမည်ဟု ပြောဆို ပေးအပ်လိုက်သည်။

မောင်မိုးဟိန်း ဖတ်နေပြီဟုသိရသည်။ ဘာသာပြန်ရန် စုဆောင်းရမည့် အချက်အလက်တွေအတွက် အချိန်ကြာနေသည်ဟု ညဉ်းသံ ကြားရသည်။ မောင်မိုးဟိန်း အချိန်ကြံ့ကြာနေ၍ ထပ်မံ၍ တိုက်တွန်းသည့်အခါ စနေပါပြီဟု အဖြေပေးသည်။

ကိုမြသန်းတင့် “ကွိ” စာမူကြီးကိုကြည့်ကာ ကျမ၏ ဝမ်းမြောက်ခြင်းကား ပြောဖွယ်ရာမရှိပေ။ ချက်ချင်းပင် မောင်မိုးဟိန်းကို ဟစ်ခေါ်ကာ “ဒီမှာကြည့်”ဟု ပြလိုက်သည်။

မောင်မိုးဟိန်းသည် ကျမအလိုပြည့်မှုကို ဝမ်းသာခြင်းလည်းဖြစ်၏။ သူ့ဖက်မှ ကြံ့ကြာနေမှုကြောင့် အံဆွဲထဲမှ သူဘာသာပြန်ထားသော စာရွက်များကို ဆွဲထုတ်ယူလာကာ ကိုမြသန်းတင့်ကိုပြလျက် “ကျွန်တော်ပြန်မလို့ စထားတာ”ဟု ပြောသည်။

အနှစ်နှစ်အလလ ကျမခေါင်းထဲ၌ စူးဝင်နေသော သံမှိုကြီးကို ဘာသာပြန်သူက စွဲနှုတ်ဖယ်ရှားပေးသည့် အတွက် ကျမကျေးဇူးတင်လိုက်ပုံမှာ စာအားဖြင့် ဖော်ပြနိုင်ခြင်းပင် မစွမ်းပေ။

စာမူကြီးကို ပွေ့၍ ဝမ်းမြောက်ဝမ်းသာ အိမ်ပြန်လာခဲ့သည်။ တစ်ညလုံး ည နှစ်ချက်အထိဖတ်သည်။ နောက်တစ်နေ့ နေ့တစ်ဝက် မပြီးမချင်း ဆက်ဖတ်သည်။ ဝတ္ထုဆုံးလျှင် မျက်လုံးညောင်းညောင်းဖြင့် ခေတ္တအနားယူရန် မျက်စိကို စုံမှိတ်ထားလိုက်သည်။ မျက်လုံးမှိတ်လိုက်မှ ဆိပ်ကမ်းမှ ထွက်ခွာလာသော သင်္ဘောကြီးသည် တရေးရေးပေါ်လျက်ရှိသည်။

- ၂ -

သင်္ဘောထွက်လာပြီးနောက် အေးမြသော မြစ်ပြင်လေသည်။ တဟူးဟူးတိုက်ခတ်လာသည်။ သင်္ဘောဦးခန်း အံဆွဲတံခါးကို ဦးချစ်မောင်က ဆွဲ၍ ပိတ်ပေးနေခိုက် ကျမလည်း အိမ်နှင့်ခွဲလာခဲ့သော အဖြစ်ကိုရင်နင့်အောင် ခံစားလျက်ရှိသည်။

သင်္ဘောဦးခန်းထဲ၌ ကျမတို့ ဇနီးမောင်နှံနှစ်ဦးသာပါသည်။ လက်ထပ်ပြီး အိမ်၌ သူနှင့် (၇) ရက်နေခဲ့ကာ သူ့နောက်သို့လိုက်လာခဲ့သော သတို့သမီးပူပူနွေးနွေးဖြစ်သည်။ သတို့သမီး၏ မရွှင်လန်းသော မျက်နှာကိုကြည့်ကာ သတို့သားလည်း မျက်နှာမကောင်းပေ။

“တင်လေးတော့ ရန်ကုန်ရောက်ရင် တကယ်ဆင်းရဲတော့မှာပဲ၊ ဒီအတွက် စိတ်မကောင်းဘူး”

သတို့သား စိတ်ကောင်းစေအောင် ကျမက စိတ်အားတင်း၍ ပြန်ပြောသည်။

“ကိုကို့အတွက် ဘာမဆို စွန့်လွှတ်နိုင်တဲ့ စိတ်ဓာတ်ရှိပါတယ်။ အားလုံးလည်း စွန့်လွှတ်ခဲ့ပြီ။ မပူပါနဲ့”

ကျမအား တစုံတရာ မပြောတော့ဘဲ ငြိမ်သက်တိတ်ဆိတ်နေသည်။

“ဘာတွေ စဉ်းစားနေသလဲ” ကျမထပ်မေးလိုက်သည်။

“တင်လေးဆီက ဒီစကားကြားရတော့ စာအုပ်ထဲက ရှာလီဝေလင် ဇာတ်လိုက် မိန်းကလေးကို အမှတ်ရ နေတယ်”

“ဘယ်လို မိန်းကလေးလဲ၊ ဘယ်လို ဇာတ်လမ်းလဲ”

“ဘယ်လို ဇာတ်လမ်း ဘယ်လို ဇာတ်ကြောင်းဆိုတာ အခုတော့ မပြောလိုသေးဘူး၊ စောင့်ပါဦး။ အခုပြောတာထက် ကိုယ်တိုင်ဖတ်ပြီး ကိုယ်တိုင် သိသွားတော့မှ ပိုကောင်းပါတယ်လေ”

ရှာလီဝေလင်ဆိုသော မျက်နှာဖြူမိန်းကလေး၏ အမည်နာမသည် ထိုညသင်္ဘောပေါ်၌ စ၍ကြားဖူးသော နာမည်ဖြစ်သည်။ နာမည်အပြင် ဘာမှ ပို၍ မသိပေ။

ရန်ကုန်ရောက်ပြီး မကြာမီ ၃၂ လမ်း စာအုပ်ချုပ်ဆိုင်မှ အဖုံးသစ်ချုပ်ခိုင်းထားသော “ကွိ”စာအုပ်ကို တွေ့ရသည်။

“လမ်းဘေးအဟောင်း စာအုပ်ဆိုင်ကလေးတစ်ဆိုင်က တွေ့လို့ ကိုကို ဝယ်ဖတ်တယ်။ ဒီစာအုပ်ဖတ်ပြီး စာအုပ်ထဲမှ ကိုကိုနဲ့ တထပ်တည်းတူနေတဲ့ အချက်တွေ တွေ့ရတာ သိပ်အံ့သြမိတယ်။ ဒီစာအုပ်ထက် အသည်းစွဲအောင် ခိုက်သွားတဲ့စာအုပ် ရှိကို မရှိသေးဘူး”

“ကွိ”စာအုပ်ကို ကျမ တရိုတသေ သိမ်းလိုက်သည်။ တခါတရံ ဟိုလှန်ဒီလှန် ဖတ်ကြည့်သည်။ စာအုပ်ထဲ၌ ရှာလီဝေလင်ဆိုသော မိန်းကလေး၏ အမည်ကို တွေ့လိုက်၍ စိတ်ဝင်စားကာ မေးကြည့်သည်။

“သင်းင်္ဘောပေါ်မှာပြောတဲ့ ရှာလီဝေလင်ဟာ ဒီ ကွိ စာအုပ်ထဲက ရှာလီဝေလင်လား”

“ဟုတ်တာပေါ့၊ အချိန်ရရင် ဖတ်ကြည့်ပါ”

ရှာလီဝေလင်အကြောင်း သိချင်သောကြောက့် ဖတ်ရန်ကြိုးစားလိုက်သည်။ စာလုံးသေးသေး စာမျက်နှာ ၄၀၀ ကျော်သည့်အပြင် အချို့စကားလုံးများမှာ အဓိပ္ပာယ်သိရန် ခက်နေသည်။ မကြားဖူးသော စကားလုံးတွေ များလွန်း၍ သူ့ကို မေးကြည့်သည်။

ခရစ်တော်ရဲ့ သမ္မာကျမ်းစာများကို ညွှန်းထားကြောင်း၊ အချို့မှာ ဂရိစကားနှင့် လက်တင်စာပေမှ ဝေါဟာရများဟု ပြောပြ၍ ဖတ်ဖို့ရန် စိတ်မရှည်နိုင်ခြင်းကြောင့် စိတ်အားထက်သန်ခြင်းနည်းကာ သိမ်း၍သာထားလိုက်သည်။

ဂျပန်ခေတ် ပြည်လမ်းရှိ စစ်ကာလအတွင်း ဆဋ္ဌမမြောက်ပြောင်းရွှေ့ရသော အိမ်ကြီးသို့ရောက်မှ ဘီဒိုထဲတွင် သူမမြင်အောင် လျှို့ဝှက်စွာသိမ်းဆည်းထားသော ပစ္စည်းများကို သူတွေ့ရှိသွားသည်။

သူ့အကြောင်းကို “ကျမခင်ပွန်း”အမည်တပ်၍ သူ့အတ္ထုပတ္တိရေးရန် စုဆောင်းလာသော သူနှင့် ပတ်သက်သမျှ အချက်အလက် အကြောင်းအရာ မှတ်စု မှတ်တမ်းများ၊ ဂျပန်ခေတ်အတွင်း လျှို့ဝှက်စွာလုပ်နေရသော ထောက်လှမ်းရေးလုပ်ငန်းမှ အချို့အရေးကြီးသော အချက်အလက် အကြောင်းအရာများကို သူမသိအောင်ကူးရေးထားခြင်းများ၊ ထို့အပြင် သူ့အသက် ၂၆ နှစ်၌ မည်မျှဆံပင်ဖြူနေကြောင်းကို သားသမီးများကြီးလာလျှင် ပြချင်၍ ဆံပင်ကိုက်တိုင်း စုသိမ်းထားသော သူ့ဆံပင် အထုပ်များဖြစ်သည်။

ထောက်လှမ်းရေးအထူးသတင်းများကို မလုံခြုံဘူးဆိုကာ အတင်းမီးရှို့ခိုင်းသည်။

သူ့အတ္ထုပ္ပတ္တိရေးရန် စုဆောင်းရေးမှတ်ခဲ့သော မှတ်တမ်းစာအုပ်ကြီးကို လှန်ဖတ်ပြီးမှ ကျမကို မေးသည်။

“ဒါတွေကို ဘယ်လို အသုံးချမလို့လဲ”

“ကိုကို့ အတ္ထုပ္ပတ္တိ တနေ့ ရေးချင်လို့။ စုရေး မှတ်ထားတာတွေ”

သူသည် ကြက်သေသေကာ ကျမအား ငေးစိုက်လျက် ကြည့်နေပြီးမှ အသံထွက်လာသည်။

“ကိုကိုလည်း တင်လေးအကြောင်းကို `My Wife´လို့ ရေးမယ်။ ကိုကို့ပေါ်မှာတင်နေတဲ့ ကျေးဇူးကြွေးတွေမှာ `ကျွန်ုပ်၏ဇနီး´ဆိုတဲ့ စာအုပ်တစ်အုပ်ကိုပါ အကြွေးထည့်မှတ်ထား။ ရေးကိုရေးမယ်”

ကျမက ပြုံးစေ့စေ့ဖြင့် ပြောလိုက်သည်။ “ဒီအကြွေးမဆပ်ခင် အတိုးရော ရမှာလား”

သူသည် ဘီဒိုထဲ၌ လျှို့ဝှက်စွာထားသည့် ပစ္စည်းများနှင့် အတူတကွထားရှိသော `ကွိ´စာအုပ်ကို ဆွဲယူလိုက်သည်။

“အကြွေးမဆပ်ခင် အတိုးအရင် ပေးမယ် လာ လာ”

ကျမကို အိမ်အောက်ထပ်သို့ ခေါ်ခဲ့ကာ စာကြည့်ခန်းထဲ၌ `ကွိ´စာအုပ်ကို မြန်မာလို ဖတ်သွားသည်။ ရှေ့စာမျက်နှာ သုံးလေးရွက်လောက်တွင် ၀တ္ထုနားထောင်ခြင်းထက် သူ့ကို ပိုမို၍ စိတ်ဝင်စားနေသည်။ မြန်မာစာအုပ်တစ်အုပ်ကို ကိုင်၍ ဖတ်ပြနေသည့်အတိုင်းပင် ဖတ်ပြနေသည်။

အိမ်ကိစ္စ အလုပ်များရှိ၍ ထလုပ်လျှင် “မပြီးသေးဘူးလား၊ မြန် မြန်”ဆိုကာ တကောက်ကောက်လိုက်လာလျက်လည်း ဖတ်ပြသည်။ တစ်ခန်းနှစ်ခန်းဆုံးသွားသော အခါ၌ မြို့ထဲမှ သူပြန်ရောက်လျှင် စာအုပ်ကို သူ့လက်ထဲ၌ ထည့်ကာ ဖတ်ခိုင်းရသည်။ နေ့စဉ် မြို့ထဲသွားသည့် အချိန် အခိုက်အတန့် ဖြတ်ထားရသည်ကိုပင် ဆန့်တငံ့ငံ့ဖြစ်လျက် စာအုပ်ကို အစွဲကြီးစွဲနေတော့သည်။

မြန်မာလိုဖတ်ပြနေရင်း စာအုပ်ထဲ၌ နားလည်ရန် ခက်သော စကားလုံးဝေါဟာရများ၊ ဂရိလက်တင် စာပေစကားတို့နှင့် ဆက်စပ်သောအချက်များကို တပါတည်း အဓိပ္ပာယ် ရှင်းပြောသွားသည်။

`ကွိ´သည် ဝေါဟာရ စကားလုံးကြွယ်သော သိပ္ပံပညာရှင်ဖြစ်သည်။ ဇာတ်လိုက်မင်းသမီး ရှာလီလေင်ကပင် ဝေါဟာရကြွယ်မှုကို အောချထားရသော ဒေါက်တာပါရဂူလေးဖြစ်သည်။

ဝတ္ထုကို စွဲလမ်းစွာအာရုံစိုက်လျက် နားထောင်ခံစားနေခိုက် ၀တ္ထုထဲ၌ ပါလာသော ဝေါဟာရစကားလုံးတစ်လုံးအတွက် ရှင်းလင်းပြောချက်များ ရှည်လျားခြင်းကြောင့် အတော်အောင့်အည်း စောင့်ဆိုင်းနားထောင်ရသည်။ ညွှန်းဆိုထားသော ပုဂ္ဂိုလ်တွေ အကြောင်း ရှင်းလင်းသည့်အခါလည်း မပြီးနိုင်တော့။

`ဟာဘတ် စပင်ဆာ´ဆိုတဲ့ ပုဂ္ဂိုလ်က ဘယ်လို ပုဂ္ဂိုလ်၊ `သောမတ် (စ) ဟင်နရီ ဟပ်စလီ´က ဘယ်လို ပုဂ္ဂိုလ်မျိုး၊ `ချားလ် (စ) ရောဘတ် ဒါဝင်´က ဘယ်လို ပုဂ္ဂိုလ်မျိုး၊ `ဂျွန်စတီး ၀ပ် မီလ်´က ဘယ်သူ၊ `ဒေးဗစ် ဟွန်း´ဆိုတာ ဘယ်က ပြည်သား၊ ဘယ်လိုပညာရှင်၊ `ဂျွန်ဖစ်´ဆိုတဲ့ ပုဂ္ဂိုလ်က…။

ထိုပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်တို့ကို သက္ကရာဇ် ခုနှစ်နှင့်တကွ ရှင်းလင်းပြောနေသောကြောင့် ဇာတ်လမ်းကိုသာမဲ၍ သိချင်ဇောဟုန် ပြင်းပျနေသော ကျမမှာ သည်းမခံနိုင်တော့ဘဲ တိုတိုတုတ်တုတ် ဖြစ်နိုင်သမျှ ချုံးပြောရန် အလောတကြီး တောင်းပန်မိသည်။

“စိတ်ရှည်ရှည်ထားပါ။ ဒီစာအုပ်ထဲမှာ ဗြုံးကနဲ မသိနိုင်တဲ့ စကားလုံးတွေ အများကြီးပဲ။ အဲဒါတွေ ရှင်းမပြရင် အရသာမပြည့်စုံဘူး။ ရှင်းနိုင်မှ ပိုပြီးအရသာပြည့်စုံပြီး ပိုပြီးလေးနက်တယ်”

စာအုပ်ထဲ၌ သူ့စိတ်ကြိုက်နှင့်တွေ့ထားသော အချက်များကို မင်နီမင်ပြာတို့ဖြင့် ရောင်စုံခြစ်ထားသည်။ မြန်မာလို ဖတ်သွားပြီးမှ

“သူ့အင်္ဂလိပ်မူအတိုင်းက ဒီလိုရေးထားတယ်”ဆိုပြီးလျှင် အင်္ဂလိပ်စာအတိုင်း ဖတ်ပြပြန်သည်။ ဤစာပိုဒ်ကို စောစောက မြန်မာပြန်ချက်ထက် သူ့ခေါင်းထဲသို့ ရောက်လာသော အသစ်စကားလုံးဖြင့် ပြောင်း၍ မြန်မာလို ဖတ်ပြသွားပြန်သည်။

ဤစာအုပ်ကို လေးငါးရက် ဆက်၍ ဆုံးအောင် နားထောင်လိုပ်ရသည်။ နောက်ဆုံးအပြီးသတ်သွားသည့်ညကား ဗုံးကျင်းထဲမှ ညတစ်ချက်လောက် အိမ်ပေါ်သို့ ပြန်တက်ကြပြီးနောက် ဆက်လက်၍ ဖတ်သွားရာ ည (၃) နာရီတွင် အပြီးသတ်သွားသည်။

သူသည် ပြီးဆုံးအောင် ဖတ်ပြီးကျမကို စိုက်ကြည့်လိုက်သည်။ ကျမမှာ ၀တ္ထုဆုံးပြီး ခံစားချက်များ ပြင်းပျစွာဖြင့် တစုံတယောက်က ရိုက်နှက်ထုထောင်းသကဲ့သို့ပင် ပုံပျက်ပန်းပျက် နွမိးနယ် ပျော့ဖတ်နေသည်။

“ဘယ်လိုလဲ တင်လေး။ ကြိုက်ရဲ့လား”

အိမ်ထောင်ကျစ သင်္ဘောပေါ်၌ ကြားဖူးခဲ့သည့် ရှာလီဝေလင်၏ နာမည်ကို အိမ်ထောင်ကျပြီး ဂျပန်ခေတ်ရောက်၍ ကလေးသုံးယောက်မိခင်ဖြစ်တော့မှပင် ရှာလီဝေလင်နှင့် ကျွမ်းဝင်ရသည်။ ရင်ထဲ၌ ခံစားချက် အကြောင်းအရာ အဖုံဖုံတို့ မချိမဆန့် ပြည့်သိပ်နေ၍ “ကြိုက်ပါတယ်”ဟု တစ်လုံးသာ ပြောနိုင်သည်။

`ကွိ´စာအုပ် မြန်မာဘာသာပြန်သည် လေထဲတွင် ပျောက်ကွယ်၍ သွားပြီဖြစ်ခြင်းကြောင့် လက်ရေးတို မတတ်ခဲ့လေခြင်း၊ ပြောသမျှ လိုက်မရေးမိလိုက်လေခြင်းဟု အချိန်လွန်မှ နောင်တရကာ ပျောက်သွားသော မြန်မာဘာသာပြန်ကို နှမျောပြီးရင်း နှမျောရင်းဖြင့် စိတ်ထဲ၌ ပြင်းစွာခံစားနေရသည်။

“ဘယ်လိုကြိုက်တာလဲ။ ဒီစာအုပ်နဲ့ ပတ်သက်ပြီး တင်လေးရဲ့ ခံစားချက် ဝေဖန်ချက်တွေကို ကြားချင်တယ်၊ ပြောစမ်းပါ”

“ပြောစရာတွေက အများကြီးပဲ ကိုကိုရယ်၊ များလွန်းလို့ ဘယ်ဟာကစပြီး ပြောရမှန်းတောင် မသိပါဘူး”

“ပြော ပြော၊ တစ်ချက်စပြော”

နွမ်းနယ်ပျော့ခွေနေသော ကျမထံမှ ကြားရမည့်စကားကို သူသည် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသည်။

“ကိုကိုတင်လေးနဲ့ မတွေ့ခင်`ကလင်ကာ´လို လူမျိုးနဲ့ မတွေ့ခဲ့တာ နာတာပဲ။ တွေ့များတွေ့ခဲ့ရင် ဘယ်လောက် ကောင်းမလဲလို့ စိတ်ထဲမှာ ဖြစ်မိတယ်”

သူသည် လှိုက်လှဲစွာ ရယ်မောလျက်ရှိသည်။

`သူ့လိုလူ´၀တ္တုတွင် ကျမရေးခဲ့သည့်အတိုင်း အသက် ၂၆ နှစ်အရွယ်၌ အသက် ၄၀ ခန့်ထင်ရအောင် အိုစာရုပ်ပေါက်ကာ ဆံပင်များဖြူပြီးလျှင် ကျန်းမာရေးချို့တဲ့လွန်းခြင်းကြောင့် ကျမမှာ စညားကတည်းက သေသွားသည့် အထိပါပင်၊ အိမ်သာဝင်ပါ၊ ရေချိုးပါ၊ အချိန်နဲ့ စားပါ၊ အချိန်နဲ့ အိပ်ပါဟု နေ့စဉ် အမြှောက်ဖောက်ရသော ဒုက္ခ၊ အသနားခံရသော ဒုက္ခ အတော်ကြီးမားခဲ့ရသည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်တော့မှာပဲဟု တဖွဖွပြောမိသည်။ ကျမထင်ခဲ့သည့် အတိုင်းပင် အသက် ၂၈ နှစ်တွင် မုဆိုးမ ဖြစ်ရသည်။

“ကိုကိုနဲ့ တူတဲ့ အချက်တွေ သွားတွေ့ရလို့ ကိုကိုဖတ်စက အတော်အံ့သြရတယ်။ ကိုကိုနဲ့တူနဲ့ အချက်တွေ တင်လေးကော မြင်ရဲ့လား”

“မြင်ပ မြင်ပ”

“ပြောပါဦး၊ ဆက်ပြောစမ်းပါဦး”

“ဇာတ်လမ်းကြောရိုးကိုကြည့်ရင် `ကွိ´ဆိုတဲ့ ဇာတ်ကောင်နဲ့ ကိုကိုနဲ့ဆင်တာတွေ တွေ့ပါတယ်။ ဒါပေမယ့် နောက်ခံကားတွေကတော့ ဘယ်တူမလဲ။ ကွဲတာပေါ့”

“ဘယ်လိုကွဲတာ မြင်သလဲ၊ ကြားစမ်းပါရစေ။ ပြောစမ်းပါဦး”

“ဟင်နရီ ဂျီ ဆာဖေ့ရဲ့သား `ကွိ´ရဲ့ အဖေကံ အကျိုးပေးပုံက တမျိုး၊ ဗမာပြည်က ဦးချစ်မောင်ဆိုတဲ့ `ကွိ´ရဲ့ အဖေကံ အကျိုးပေးပုံက တမျိုး”

ကျမဝေဖန်သံကြား၍ သူသည် တိတ်ဆိတ်သွားကာ ကျမကို ညင်သာစွာပင် စိုက်ကြည့်နေသည်။

သူသည် ကိုးနှစ်သားအရွယ်ကစ၍ မျိုးချစ်စိတ် ကြီးမားရန် သန္ဓေတည်ပြီးသား ဖြစ်သည်။ သူသည် ရွှေကျင်ဝန် ဦးကြင်၏ မြစ်ဖြစ်ရကား ရွှေကျင်ဝန်ကြီး ဦးကြင် တိုကပွဲ၌ ကျဆုံးသွားသောအခါ ၀န်ကြီးဦးကြင်၏ မိသားစု ဟင်္သာတသို့ ထွက်အပြေး အင်္ဂလိပ်မျက်နှာဖြူ လက်ပါးစေများဖြစ်သော ဟင်္သာတ ဆိပ်ကမ်း စူရတီလူမျိုး အကောက်ဝန်က သူ့အဖွားကို အတင်းအဓမ္မ သိမ်းပိုက်၍ သူသည် မူဆလင် အနွယ်ထဲ၌ မျိုးဆက်ဖြစ်ပွားလာခဲ့ရသည်။ အသက် ၉ နှစ် အရွယ်၌ သူ့ဖခင်က သူ့အား ပလီတက်၍ မူဆလင်ဘာသာသွင်းပြီး ရှင်ပြုရန် အစီအစဉ် ရှိသည်။ သူ့မိခင်သည် မှူးမတ်မျိုးအနွယ် ဗမာ့သွေးပါ၍ ဗုဒ္ဓဘာသာဖြစ်ခြင်းကြောင့် သားအမိနှစ်ယောက် ဘာသာအသွင်းမခံရအောင် ကြိတ်၍ ကြံစည်ကြသည်။ ဖခင်၏ မူဆလင်ဘာသာသွင်းကို မခံဘဲ ပလီဘယ်တော့မှ မတက်ဘူးဟု ဆုံးဖြတ်ကာ အသက် ၉ နှစ်ခန့် အရွယ်တွင် မိခင်၏ ခွင့်ပြုချက်ဖြင့် စစ်ကိုင်းတောင်ရိုး၌ရှိသော ဖွားအေ မယ်သီလရှင်ထံသို့ သူတစ်ယောက်တည်းအိမ်မှ ထွက်ပြေးသွားသည်။ ၉ နှစ်သားအရွယ်ကစ၍ သူသည် သူ့ဖခင်နှင့် လုံးဝဆက်ဆံမှု မရှိဘဲ ကင်းဝေးနေခဲ့သည်မှာ ကျမနှင့် လက်ထပ်တော့မှပင် ကျမဖခင်က လက်ထပ်ပွဲ၌ သူ့ဖခင်ပါရမည်ဆို၍ သားအဖနှစ်ယောက်ကြား၌ ကိုယ်စားလှယ်ထား၍ စကားပြောကြဆိုကြရကာ လက်ထပ်ပွဲသို့ သူ့ဖခင်ပါလာခြင်းဖြစ်သည်။ ၉ နှစ်သားအရွယ်မှ လူလားမြောက်သွားသည်အထိ တကိုယ်တည်းဘ၀ စာအုပ်များနှင့် မျက်လုံးမခွာ စာအုပ်များသာလျှင် သူ့အဖော်၊ စာအုပ်များသာလျှင် သူ့ချက်မြှုပ်၊ သူ့ဘ၀၊ သတင်းစာတိုက်သို့ ခြေမချခင် အသက် ၁၈ နှစ်၌ လက်ပံတန်းအစိုးရ ဟိုင်စကူးကျောင်း ၁၀ တန်း၌ အင်္ဂလိပ်စာပြဆရာလုပ်လျက် အသက် ၁၈ နှစ်အရွယ်ကပင် အင်္ဂလိပ်သတင်းစာများတွင် အင်္ဂလိပ်ဆောင်းပါးများ ရေးသားနေလေပြီ။ ကလေးဘ၀ကစ၍ သူ့ကိုယ်သူ တာဝန်ယူကာ သူ့စာသူသင်၊ သူ့ဘ၀ သူကျောင်း၊ သူ့ဒူး သူချွန်ခဲ့ရသူဖြစ်သည်။

ထို့ကြောင့် ဇာတ်ကောင်ချင်း ဆင်တူသော်လည်း နောက်ခံကားမတူကြောင်း ပြောရခြင်းဖြစ်သည်။

သူ၏ ပင်ကိုယ်စိတ်နေစိတ်ထား မြင့်မြတ်မှု၊ ရိုးသားဖြောင့်စင်းမှု၊ တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့်နိုင်မှု၊ အနစ်နာခံနိုင်မှု၊ စာနာညှာတာမှုနှင့် သတင်းစာဆရာ တစ်ယောက် အဖြစ်၌လည်း `မြန်မာ့အလင်း´သတင်းစာတိုက်မှ တိုက်ပိုင်ရှင်များက အဒမ်ဆင်သင်္ဘော ဗုံးပေါက်ကွဲမှု သတင်းပြင်ထည့်ပေးရန်ခိုင်းခြင်းကို ပြင်မပေး၍ သတင်းစာတိုက်မှ သူ့ကို အမိန့်မနာခံဟု ထုတ်ပစ်လိုက်သည်အထိ သူ၏ ယုံကြည့်ချက်ခံယူချက်ကို ပြင်မပေးဘဲ တိုင်းပြည်နှင့် လူမျိုးမျက်နှာ၊ သတင်းစာမျက်နှာကိုသာ ကြည့်သွားသူဖြစ်သောကြောင့် သူနှင့် `ကွိ´နှင့် စရိုက်ချင်းဆင်တူပုံ၊ အသိဥာဏ်ကြီးပုံချင်း ဆင်တူပုံ၊ ဆင်ခြင်တရားရှိပုံခြင်းဆင်တူပုံတွေကို ပြောရမည်ဆိုလျှင် ယှဉ်ပြောစရာတွေ အများကြီးရှိပါ၏။ သို့သော် သူငြိမ်သက်လွန်းနေ၍ ဤအချက်များနှင့် နှိုင်းယှဉ်ကာ မပြောတော့ဘဲ ကျမက အခြားအကြောင်း ဖောက်ပြောလိုက်သည်။

“ဒီဝတ္ထုထဲမှာ အသည်းအစွဲဆုံးကတော့ `ရှာလီဝေလင်´ပဲ ကိုကို။ ရှာလီက `ကွိ´ကို သူ့အိမ်ခေါ်ပြီး `အုပ်´တဲ့ အခန်းကို သိပ်ကြိုက်တာပဲ။ ဒီအခန်းကို ဘယ်လို သဘောကျမှန်းမသိဘူး။ တင်လေးလည်း ကိုကို့ကို ဟိုတုန်းက အုပ်ချင်လိုက်တာ မနည်းချုပ်ထားရတယ်။ အဲဒီတုန်းကသာ စိတ်ရှိတိုင်း ပက်ပက်စက်စက်ပြောချလိုက်ရရင် ကိုကိုနဲ့ တင်လေးလည်း ညားကြမှာ မဟုတ်ဘူး။ ကိုကိုလည်း မိန်းမဆိုရင် ဒီတသက်မှာ လန့်ဖျန့်ပြီး မျက်စိနဲ့ ကြည့်ဝံ့တော့မှာတောင် မဟုတ်ဘူး”

`သူ့လိုလူ´တွင် ကျမဖော်ပြခဲ့သည့်အတိုင်း စာအုပ်ဆိုင်၌ စာအုပ်ရှာဝယ်ရန် ဆိုင်ကိုညွှန်းပြီးမှ စာအုပ်ဆိုင်သို့ သူလိုက်မပို့နိုင်ကြောင်း၊ သူလိုက်ပို့လျှင် မိန်းမနှင့် သူနှင့် အလွန်ကင်းသူမို့ သူများမြင်သွားက သူ့သိက္ခာကျရတော့မည်ဖြစ်ကြောင်း၊ ဤသို့ ရိုးရိုးစင်းစင်းကြီး ဖွင့်ပြောခဲ့သည်။

ထိုအချိန်က ကျမ လွန်စွာ ခံပြင်းခဲ့သည်။ ခံပြင်းလွန်း၍ သူနှင့် မတွေ့ဘဲ ရှောင်နေလိုက်သည်။ ဤတွင် သူ့အမှားကို သူဝန်ချ၍ တောင်းပန်ပုံကား သူ့ကို ခွင့်လွှတ်ပါရန်၊ သူ့ကို ခွင့်လွှတ်သည်ဆိုလျှင် သူနှင့် ရုပ်ရှင်အတူလိုကကြည့်ပါ။ သူ့ကိုယ်သူ ဤနည်းဖြင့် အပြစ်မပေးရလျှင် မနေနိုင်လို့ လက်ခံပါ ဟူ၏။

ခွင့်လွှတ်ရန် ဤနည်းဖြင့် တောင်းပန်ပုံမှာ နင်ပေါ် ဟယ်ဆင့် ပို၍ ဆိုးသေးသည်။

“ဗိုလ်ပုံပရိသတ်ရှေ့မှာ ကျမကိုခေါ်သွားပြီး ရှင့်သိက္ခာ ရှင်ချပြဖို့အတွက် ရှင့်ကိုယ်ရှင် အပြစ်ပေးချင်တယ်ဆိုတာ ကျမပရိသတ်ကကော ရှင်နဲ့အတူတွေ့လို့ ကျမကို ကောင်းချီးသြဘာ ပေးကြမှာတဲ့လား။ ရှင်လုပ်ပုံက ကျမကို ဘန်းပြပြီး ရှင်က အနာခံမယ်ဆိုတာ တွေးများတွေးကြည့်စမ်းပါဦး၊ ရီစရာကြီး။ ရှင့်ကိုယ်ရှင် လူရီစရာကြီး ဖြစ်နေတာ သိရဲ့လား”

ဤစကားလုံးများဖြင့် ကျမသူ့ကို `အုပ်´ထည့်ချင်သည်မှာ ပါးစပ်ကို ယားနေ၏။ သူ့ကို ဤသို့ ပစ်ပစ်ခါခါ ပြောပစ်လိုက်ချင်သော်လည်း ကျမစိတ်ကို ကျမ ပြန်၍ ချုပ်ခဲ့၏။ တဖက်၌ အာရုံစူးစိုက်မှုများ ကြီးမားသလောက် လူမှုရေးနှင့် မိန်းမ ဆက်ဆံရေးတို့၌ သူ့တွင် ချွတ်ယွင်းချက်တွေ မြောက်မြားစွာဖြင့် လူရီစရာ ကောင်းလောက်အောင် ဖြောင့်စင်းသည့် လူရိုးကြီးပါလားဟု ဆင်ခြင်မိသည်။ ဤဆင်ခြင်မှုကြောင့် သူ့အပေါ်၌ ကရုဏာသက်စိတ်တွေ သီးခဲသွားကာ ကျမစိတ်ကို ကျမ ပြန်ချုပ်လိုက်နိုင်ပြီးလျှင် သူနှင့်အတူ ရုပ်ရှင်လိုက်ကြည့်ရန် ရဲရဲကြီးဆုံးဖြတ်လိုက်ရသည်။

သူသည် ကျမဝေဖန်ချက်ကို သဘောကျသည့်အလား ခေါင်းတဆတ်ဆတ်ညိတ်လျက် ပြုံးလျက်နေသည်။

“`ရှာလီဝေလင်´သာ `ကွိ´ကို နားမလည်ခဲ့ရင် `ကွိ´အပေါ်မှာ သနားရကောင်းမှန်းမသိရင် ကွိ ဘ၀ဟာ တမျိုးတဖုံဖြစ်နိုင်တယ်။ ဒီလိုပဲ ကိုကို့အကြောင်း၊ ကိုကို့ဘ၀၊ ကိုကို့ကို နားမလည်ခဲ့ရင်၊ သနားရမှန်း မသိခဲ့ရင်၊ ကိုကို့ဘ၀လည်း တမျိုးတဖုံဖြစ်သွားမယ်။ ပြောစမ်းပါဦး၊ မဟုတ်ဘူးလား”

ကျမက ပြောပြီး ရယ်မောနေသည်။

“အမှန်ပဲ တင်လေး၊ ကွိဟာ ရှာလီဝေလင်နဲ့ တွေ့ရပုံ ဖန်တီးပေးပုံဟာ အဆန်းတကြယ်ပဲ၊ ကိုကိုလည်း တင်လေးနဲ့ တွေ့ရပုံ၊ အကြောင်းပါရပုံဟာလည်း အဆန်းတကြယ်ပဲ၊ တင်လေးပြောသလို နောက်ခံကားတော့ မတူကြဘူးပေါ့၊ ဒါပေမယ့် တင်လေးလည်း ရှာလီဝေလင်ထက် မညံ့ပါဘူး။ ပိုရင်သာပိုမယ်။ ဒါကြောင့် တင်လေးအကြောင်းကို စာအုပ်ရေးပြီး အကြွေးဆပ်ရုံမက ဒီအကြွေးရဲ့ အတိုးအဖြစ် အခုဒီစာအုပ်ကို အဆုံးဖတ်ပြတာပေါ့”

အူလှိုက်သဲလှိုက် ရယ်မောလိုက်သော ကျမ၏ ရယ်မောသံများသည် သူ့စကားလုံးများကို ရှေ့မတိုးသာအောင် လွှမ်းသွားလေသည်။

- ၃ -

ကျမသည် ပက်လက် ကုလားထိုင်ပေါ်၌ ဦးဝင်းတင်၏ ဘာသာပြန်စာမူကြီးကို ရင်မှာ ပိုင်လျက် ရင်တလှိုက်လှိုက်ဖြင့် မှိတ်ထားသော မျက်လုံးများကို ပြန်ဖွင့်လိုက်ရသည်။

ပြီးခဲ့သော နောက်ကြောင်းအတိတ်တွေ အသစ်ပြန်ဖြစ်လာ၍ ရင်တလှပ်လှပ်ဖြင့် နုံးချိချိဖြစ်လာသည်။ စာမူကို ခုံပေါ်၌ တင်လျက် ပြန်သတိရမိနေသည့် အတိတ်တွေကို ပျောက်ပျက်သွားအောင် ဆေးလိပ်ထယူ ညှိသောက်လိုက်သည်။ ဆေးလိပ်ထိုင်သောက်ပြီးမှ စာမူ၏ နောက်ဆုံးစာမျက်နှာဖြစ်သော ဘာသာပြန်သူ၏ မှတ်ချက်ကို စိတ်အေးလက်အေး ဆက်ဖတ်သည်။

ကွိကို ဘာသာပြန်သော ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် ဦးဝင်းတင်က ဤစာအုပ်ကို ဘာသာပြန်ရန် နှစ်ပေါင်း နှစ်ဆယ်ခန့် နောက်ကျသည်ဟု ဆိုထားပါသည်။ ကျမအနေဖြင့် နောက်ကျသည်ဟု မမြင်ပါ။

ကွိ စာအုပ်သည် အမေရိကန်စာပေတွင် ဂန္တ၀င်မြောက် စာပေအဖြစ် ထင်ရှားကျော်ကြားလျက် ၁၈ ကြိမ် ထပ်ရိုက်ခဲ့ရသော စာအုပ်တစ်အုပ်ဖြစ်ခဲ့သည်။ မြန်မာဘာသာသို့ ပြန်ဆိုရန် နှစ်ပေါင်းနှစ်ဆယ်မက နှစ်ပေါင်း ငါးဆယ်ပင် နောက်ကျသည် ဖြစ်စေကာမူ မြန်မာပြည်အတွက် မြန်မာပြန်သင့်သော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ဤစာအုပ်ကို ယနေ့ အထိ ဘာသာ မပြန်ရသေးသောနိုင်ငံများရှိလျင်လည်း ၎င်းတို့ဘာသာဖြင့် ဘာသာပြန်သင့်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။ ဤစာအုပ်သည် သတင်းစာနယ်ပယ်၌ သတင်းစာဆရာဖြစ်ချင်သူများအတွက် ဘယ်သောအခါမှ ခေတ်နောက်ကျသော အမျိုးအစား စာအုပ်မျိုး မဟုတ်ပါပေ။ မည်သည့်ခေတ်၌မဆို သတင်းစာလောက၊ သတင်းစာကမ္ဘာ တည်ရှိနေသရွေ့လည်း ဤစာအုပ်သည် လေးနက်သော ဂန္ထ၀င်မြောက် သတင်းစာဆရာ ဘ၀သရုပ်ဖော် ပုံသဏ္ဍန်ဖြင့် အသက်ဝင်တည်ရှိနေနိုင်သည့် စာအုပ်မျိုးဖြစ်သည်။

ဘာသာပြန်သူ၏ မှတ်ချက်ထဲ၌ “`ကွိ´သည် ဦးချစ်မောင်အား တိုင်းပြည်က အားထားရသော မားမားမတ်မတ် သတင်းသာဆရာကြီး တစ်ဦးအဖြစ်သို့ ရောက်အောင် စေ့ဆော်ပေးခဲ့သည်ဟု ဆိုနိုင်ကောင်းဖွယ်ရှိသည်” ဟူ၍ ဆိုထားပါသည်။ “`ကွိ´၏ စေ့ဆော်မှုကြောင့် မြန်မာနိုင်ငံတွင် ထူးချွန်သော သတင်းစာဆရာကြီး ပေါ်ပေါက်ခဲ့သည် မဟုတ်ဟု ဆိုဦးတော့…” ဟူ၍လည်း ဆိုထားပါသည်။ ထို့ပြင် “`ကွိ´ကိုဖတ်ပြီး ဦးချစ်မောင်သည် ကိုယ့်ကိုယ်ကို အသိအကြွယ်ဆုံး၊ အမြင်အကျယ်ဆုံး၊ အရိုးဖြောင့်ဆုံး၊ တာဝန်အသိဆုံးဖြစ်အောင် ကြိုးပမ်းခဲ့သည်ဟု ဆိုနိုင်ကောင်း ဆိုနိုင်ပါလိမ့်မည်…” ဟူ၍လည်း ဆိုထားပါသည်။

ဘာသာပြန်သူ၏ မှတ်ချက်ကို ကျမက ၀င်၍ ရှင်းချင်စိတ် မရှိသော်လည်း ဦးဝင်းတင်ဘက်မှ ဦးချစ်မောင်၏ ပင်ကိုယ် ဗီဇ ဇစ်မြစ် စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ နောက်ခံကားရာဇ၀င် ကုန်စင်အောင် မသိနိုင်လျှင် ဤအတိုင်းပင် မှတ်ချက်ချရလိမ့်မည် မှန်ကန်သော်လည်း ဦးချစ်မောင်၏ အနီးစပ်ဆုံးသော ဇနီးအနေဖြင့် တာဝန်ရှိ၍ ပြောရမည်ဆိုလျှင် ကာယကံရှင် ပုဂ္ဂိုလ်ကိုယ်တိုင်က `ကွိ´နှင့် သူနှင့်တူသော အချက်တွေပါ၍ သိပ်အံ့သြတာပဲ ဆိုသွားသော စကားကြောင့် `ကွိ´နှင့် ဦးချစ်မောင်တို့သည် ပုံသဏ္ဍန်ခြင်းဆင်တူကြခြင်းသာ ဖြစ်ကြောင်း ပြောရမည်ဖြစ်ပါသည်။

`ကွိ´စာအုပ်ကို ဘာသာပြန်ရာ၌ ဘာသာပြန်သူ၏ ရည်ရွယ်ချက်သည် အလွန်မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် ဘာသာပြန်ခြင်းကြောင့် ဦးဝင်းတင်၏ ရည်ရွယ်ချက်ကို အလွန်လေးစားမိပါသည်။

ပြည်သူကို စည်းရုံးလှုံ့ဆော်ပေးသော တိုင်းပြည်၏ မဏ္ဍိုင်ကြီးဖြစ်သည့် သတင်းစာလောက၌ ဘ၀ကို မြှပ်နှံကာ ကိုယ်ကျိုးစွန့်စိတ် အပြည့်အ၀၊ အနစ်နာခံစိတ်အပြည့်အ၀၊ ရိုးသားဖြောင့်တန်းစိတ် အပြည့်အ၀၊ နှိုင်းချိန်စိတ် အပြည့်အ၀ဖြင့် နိုင်ငံ၏ ၀ိဥာဉ်၊ ပြည်သူ၏ လိပ်ပြာကို ကာကွယ် စောင့်ရှောက်မည့် သတင်းစာသမား၊ သွေးသစ်ဥာဏ်သစ်များ ပေါ်ထွန်းပေါက်ဖွားရေးအတွက် ထားရှိသောစေတနာသည် တန်ဖိုးမဖြတ်နိုင်အောင် ထူးမြတ်သော စေတနာလည်း ဖြစ်ပါသည်။

ရှေးအကျဆုံးသော အနုပညာ ပုံသဏ္ဍန် ရေးသားဟန်နှင့် အလွန်ခန့်ညားသိမ်မွေ့ခြင်းလည်းရှိ၊ အလွန်နက်ရှိုင်းကျယ်ဝန်းခြင်းလည်းရှိကာ စကားလုံး အသုံးအနှုန်းခက်ခဲသော ဤစာအုပ်ကို ချုံးနိုင်သမျှ ချုံး၍ ရိုးရိုးစင်းစင်း လွယ်လွယ်ရှင်းရှင်းဖြစ်အောင် မြန်မာဘာသာပြန်ဆိုနိုင်ခြင်းသည် သာမန်စာရေးဆရာတစ်ယောက်အဖို့ ဤမျှလွယ်အောင် ရှင်းအောင် စင်းအောင် ပြန်ဆိုနိုင်လိမ့်မည် မထင်မိပေ။ ဘာသာပြန်ဆိုသည့်ပုဂ္ဂိုလ်သည် သတင်းစာဆရာတစ်ဦးဖြစ်၍သာလျှင် သူ၏ ကျွမ်းကျင်သော တည်းဖြတ်နိုင်မှု အတတ်ပညာကြောင့်သာ မူလ အဓိပ္ပာယ်လည်း မပျက်၊ ခန့်ညားသိမ်မွေ့သော ဂုဏ်အင်္ဂါလည်း မပျက်၊ နက်ရှိုင်း ကျယ်ဝန်းခြင်းရှိသည်တို့လည်း မပျောက်စေရအောင် ကျဉ်း၍ ချုံး၍ ဘာသာပြန်ထားခြင်းကြောင့် မြန်မာစာဖတ်ပရိသတ်အတွက် ဖတ်ချင်ဖွယ်ရာ ကောင်းအောင် ပေါ်လွင်လာသေးသည်ဟု လှိုက်လှိုက်လှဲလှဲ ကျမ ချီးကျူးမိပါသည်။

စာဖတ်သူတို့အား ကျမတိုက်တွန်းလိုပါသည်။ ဤစာအုပ်ကို တစ်ခေါက်ထပ်ပို၍ တတ်နိုင်သမျှ ထပ်၍ ဖတ်ရှုပါရန် တိုက်တွန်းလိုပါသည်။ တိုက်တွန်း၍ အပြီး တောင်းပန်လိုသေးသည်မှာ စာဖတ်ပရိသတ်လွယ်ကူစွာ သဘောပေါက်စေလိုသော စေတနာထူးဖြင့် ဘာသာပြန်သူသည် စာအုပ်၏ အောက်ခြေမှတ်စုများကို ရှာဖွေစုဆောင်း ဖော်ပြထားရှိပါသည်။ ဤမှတ်စုများကို မျက်စိမရှုပ်ကြစေရန် တောင်းပန်လိုပါသည်။

ဤစာအုပ်ကို ဖတ်ရတွင် ဤမှတ်စုများကြောင့် အလွယ်တကူ ထိုင်ရာမထ သိရခြင်းဖြင့် ဤဇာတ်လမ်းသည် မည်မျှ နက်ရှိုင်းသွားကာ ဇာတ်လမ်း၏ လေးနက်သော အရသာများကို အပြည့်အ၀ တလက်စတည်း ပေးထားသော ဦးဝင်းတင်အား စာဖတ်သူတိုင်းက အလေးပြု ကျေးဇူးတင်ရှိကြရမည်မှာ မလွဲဧကန် ဖြစ်ပါသည်။

ဤစာအုပ်သည် ဘာသာပြန်သူရည်ညွှန်းလိုသော ပြည်သူကို ပညာပေးသည့်၊ ပြည်သူ့အကျိုးကို ကာကွယ် စောင့်ရှောက်သည့် ဆိုရှယ်လစ်သတင်းစာသမားကောင်းများ ပေါ်ထွန်းရေးအတွက်သာမက ဤစာအုပ်သည် ထူးချွန်ထက်မြက်သော အမျိုးသမီးများ ပေါ်ပေါက်ရေးအတွက်လည်း အကျိုးဖြစ်ထွန်းနိုင်သော ဘာသာပြန်ချက် ဖြစ်ပါသည်။

ဥာဏ်ကြီးသော အမျိုးသမီး၊ အများအကျိုးဆောင်ရွက်လိုစိတ်ပြင်းပြသော အမျိုးသမီး၊ ယောက်ျားတို့နှင့် ရင်ဘောင်တန်း ဆောင်ရွက်နိုင်သော အစွမ်းသတ္တိ ကြီးမားသည့် အမျိုးသမီးများ ပေါ်ထွန်းပေါက်ပွားအောင် ဤဘာသာပြန်စာအုပ်က အထောက်အပံ့ပြုခြင်းကြောင့် အမျိုးသမီး စာရေးဆရာတစ်ဦးဖြစ်သော ကျမက အမျိုးသမီးအပေါင်းတို့၏ ကိုယ်စား ဦးဝင်းတင်အား ကျေးဇူးတင်ရှိပါသည်။

ကျေးဇူးတင်စကားဆိုရသည်ကို ဤအချက်များဖြင့် အားမရ မတင်းတိမ်နိုင်သေးပါ။ လေထဲ၌ ပျောက်ကွယ်၍သွားသော ဘာသာပြန်အတွက် ဆုံးရှုံးခဲ့ရခြင်းကြောင့် နှမျောမဆုံးအောင် ဖြစ်ခဲ့ရသော ကျမကို လုံ့လကြီးစွာဖြင့် ပြန်၍ ဖော်ထုတ်ပေးအပ်ရုံမက ပျက်ကွက်နေသော ကျမ၏ တာဝန်တစ်ရပ်ကို ပခုံးထမ်းပြောင်းယူကာ မဖြစ်ဖြစ်အောင် ဘာသာပြန်ပေးသော ဦးဝင်းတင်၏ ကျေးဇူးကား ကြီးမားပါပေစွ။

ကျေးဇူးအထူးတင်ရှိစွာဖြင့်

ဂျာနယ်ကျော် မမလေး


No comments: