Wednesday, December 2, 2009

အခန်း (၂၀)

(၂၀)

တနင်္လာနေ့၌ ပို့စ်သတင်းစာ ဒါရိုက်တာအဖွဲ့အစည်းအဝေးကျင်းပသည်။ ချားလ်ဂါဒင်နီယာဝက်စ် တင်သွင်းသော ဗိုလ်မှူးကြီးကောင်းအား ချီးကျူးကြောင်း မှတ်တမ်းတင် အဆိုကို ပထမဆုံး စဉ်းစားဆုံးဖြတ်သည်။ ထို့နောက် သတင်းစာဖွဲ့စည်းပုံကို ပြင်ဆင်သည်။ ကွယ်လွန်သူ ဗိုလ်မှူးကြီးကောင်း ထမ်းဆောင်ခဲ့သည့် ကြီးလေးသော တာဝန်များကို နှစ်ခန်း နှစ်ကဏ္ဍခွဲလိုက်ပြီး အုပ်ချုပ်မှု အယ်ဒီတာအမည်ဖြင့် ရာထူးသစ်တခုတီထွင်သည်။ ထိုပုဂ္ဂိုလ်က သတင်းဌာနကို တာဝန်ယူ၍ အယ်ဒီတာက အာဘော် စာမျက်နှာကို တာဝန်ယူသည်။ သတင်းအယ်ဒီတာ အီဗန်မွန်တေဂူကို အုပ်ချုပ်မှု အယ်ဒီတာ ခန့်သည်။ အကောင်းဆုံး သတင်းထောက်တစ်ဦးကို သတင်းအယ်ဒီတာ ရာထူးသို့ တိုးမြှင့်လိုက်သည်။

ထို့နောက် ဒါရိုက်တာ အဖွဲ့ ဥက္ကဌ စတီးဝပ်ဘတ်က အယ်ဒီတာ ရာထူးအတွက် အမည်စာရင်းတင်သွင်းရန်ဖိတ်ခေါ်သည်။
ဒါရိုက်တာတဦးဖြစ်သူ မစ္စတာဟော့ပကင်က ကိုယ့်နယ်သားမှသာ အယ်ဒီတာခန့်မည်ဟူသော အစွဲမရှိသင့်ကြောင်း၊ ပို့စ်သတင်းစာ ဩဇာကြီးမားလာနေပြီ ဖြစ်၍ ကြံရည် ဥာဏ်ရည် အကောင်းဆုံး အယ်ဒီတာကိုသာ ခန့်သင့်ကြောင်း၊ ထိုအယ်ဒီတာမျိုးကို နယူးရောက်တွင်ဖြစ်စေ၊ ဘော့စတန်တွင်ဖြစ်စေ၊ ဆန်ဖရန်စစ်စကိုတွင်ဖြစ်စေ ရှာဖွေသင့်ကြောင်း တင်ပြသည်။

ဒါရိုက်တာ တဦးဖြစ်သူ မစ္စတာဘော့ကမူ တနယ်သား အယ်ဒီတာမှ သင့်တော်သူဖြစ်မည်ဟု မယူဆစေလိုပါ။ အယ်ဒီတာ ရာထူးနှင့် အလွန်သင့်တင့်သူတဦးမှာ မိမိတို့မြို့တော်တွင် ရှိနေရုံမက မိမိတို့ သတင်းစာတွင်ပင်ရှိနေပါသည်။ ဗိုလ်မှူးကြီးကောင်း ကွယ်လွန်ချိန်မှ စ၍ တနေ့ ၁၄ နာရီ အလုပ်လုပ်နေပါသည်ဟု တင်ပြသည်။

]]မစ္စတာဘော့ တင်ပြတာ အလွန် အချက်ကျပါတယ်။ ကျွန်တော့ အိမ်မှာ ရီယူနီယန်စစ်ရေးပြပွဲတက်ဖို့ ဆီးနိတ် လွှတ်တော် အမတ်တယောက် လာတည်းနေတယ်။ သူက ပို့စ်သတင်းစာခေါင်းကြီးတွေကို ဖတ်ပြီး အလွန်အမင်း ချီးကျူးနေတယ်။ ရေးတဲ့ ပုဂ္ဂိုလ်ကိုလည်း မေးနေတယ်။ အမတ်မင်းက သူ့နယ်က သတင်းစာမှာဆိုရင်၊ သူ့နယ်ဆိုတာ ဘော်စတန်ကိုပြောတာပါ။ မစ္စတာဟော့ပကင်၊ ဖတ်ကြည့်ရလောက်အောင် တန်ဖိုးတန်တာမပါလို့ ဖတ်ကို မဖတ်ဘူးလို့ ပြောပါတယ်}}

မစ္စတာ ရှော့တာနှင့် မစ္စတာပေါ်တာတို့က မစ္စတာဟစ်ကော့၏ တင်ပြချက်ကို သဘောတူကြသည်။ မစ္စတာ ဝီလ်မာဒင်က ဗိုလ်မှူးကြီးကောင်းက ထိုလူငယ်သည် မိမိကို ဆက်ခံနိုင်လောက်သည့် အရည်အချင်း ပြည့်ဝသူဖြစ်သည်ဟု ပြောဖူးကြောင်း၊ ထိုလူငယ်အား တာဝန်များ လွှဲပေးပြီး အနားယူတော့မည်ဟုပင် မကွယ်လွန်မီက ပြောဖူးကြောင်းရှင်းပြသည်။ ထို့ကြောင့် မစ္စတာကွိကို အယ်ဒီတာခန့်ရန် ဝမ်းသာအားရ အဆိုပြုလိုကြောင်း ရှင်းပြသည်။

မစ္စတာ ရှော့တာနှင့် မစ္စတာပေါ်တာတို့က အဆိုကို ထောက်ခံကြောင်း တင်ပြကြသည်။
မစ္စတာ ချားလ်စ်ဂါဒင်နီယာဝက်စ်က မစ္စတာကွိအား ချီးကျူးကြခြင်းကို ကြားသိရ၍ များစွာ ကျေနပ်ကြောင်း၊ မစ္စတာကွိကို မိမိပင် ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယင်းသို့ ထက်မြက်သော အယ်ဒီတာကို ချီးကျူးခြင်းသည် သတိသမ္ပဇဉ်ရှိရှိ ဆောင်ရွက်သော ဒါရိုက်တာ (မိမိ) ကို ချီးကျူးရာရောက်ကြောင်း (ပြုံးကြသည်။) မစ္စတာကွိ၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် အထူးသဖြင့် မကြာမီ လများအတွင်းက အလွန်အဆင့်အတန်းမြင့်မားကြောင်း၊ ဗိုလ်မှူးကြီးကောင်းသာ တနှစ်တန်သည် နှစ်နှစ်တန်သည် အသက်ရှည်မည်ဆိုလျှင် ယခု ဒါရိုက်တာကြီးများတင်ပြနေသည့်အတိုင်း ဆောင်ရွက်ရေးမှာ ဘာမျှ ဆိုဘွယ်ရာမရှိကြောင်း၊ သို့သော် မစ္စတာကွိကို စင်တော်ကောက်ခဲ့သူတစ်ဦးအဖြစ် အချက်နှစ်ချက် စဉ်းစာရန် မိမိတင်ပြလိုကြောင်း၊ ပထမအချက်မှာ အသက်အရွယ် ငယ်လွန်းသေးခြင်းဖြစ်ကြောင်း၊ ဒုတိယအချက်မှာ ဤပြည်နယ်တွင် နှစ်နှစ်မျှသာ နေဖူးသေးသူဖြစ်၍ ပြည်နယ်အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် မသိသေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကြီးမားသော တာဝန်များ မပေးမီ လေ့လာချိန် ပေးသင့်ကြောင်းတင်ပြသည်။

ဝက်စ်၏ ဆွေးနွေးချက်ကို ဒါရိုက်တာများ သဘောကျကြသည်။ ဆွေးနွေးမှုအရှိန်လျော့သွားသည်။ ဥက္ကဌက မဲခွဲ ဆုံးဖြတ်ရန် အသ့်ဖြစ်မဖြစ်မေးသည်။

]]နေပါဦး၊ နေပါဦး။ တခြား အဆိုတင်စရာ ရှိချင်ရှိနေဦးမှာပေါ့}}
အခြားအဆိုတင်မည့်သူ မရှိ။ ဒါရိုက်တာကြီးများကလည်း နာရီတကြည့်ကြည့် ဖြစ်နေကြပြီ။
]]မစ္စတာဝက်စ်}} ဒါရိုက်တာအဖွဲ့၏ အသက်အငယ်ဆုံး ဒါရိုက်တာဖြစ်သူ သီယိုဒိုဖိုင်းက ပြောသည်။ ]]ခင်ဗျားပဲ အယ်ဒီတာလုပ်ဖို့ တိုက်တွန်းပါရစေလား။ ကောလိပ်ဥက္ကဌ ရာထူးက ထွက်လိုက်ဗျာ}}

မစ္စတာဝက်စ်က ထိုအကြံပေးချက်ကို မလိမ်မိုး မလိမ်မာ မကြံပေးချက်ပမာ လက်ဟန်ဖြင့် ပယ်ချသည်။ သို့သော် ဒါရိုက်တာများက မစ္စတာဖိုင်း၏ အကြံပေးချက်ကို စိတ်ဝင်စားကြသည်။
မစ္စတာဝက်စ်က ငြင်းသည်။
]]ဒီလိုဆိုရင် မစ္စတာဝက်စ် အမည်တင်သွင်းတဲ့ အဆိုကို အဆိုရှင်က ပြန်ရုပ်သိမ်းဖို့ တာဝန်ရှိပါတယ်}} မစ္စတာဟစ်ကော့က ပြောသည်။

သို့သော် ဝက်စ်အမည်ကို ပြန်လည်ရုပ်သိမ်းရန် မလွယ်။ ဒါရိုက်တာများက ဇွတ်တိုက်တွန်းကြသည်။ နောက်ဆုံးတွင် ဝက်စ်က ထပ်ဆင့် ရှင်းလင်းချက် ထုတ်ရပြန်သည်။

သူ့ ရှင်းပြချက်မှာ ပို့စ်သတင်းစာ အယ်ဒီတာလုပ်ရန် မည်သည့်အခါမျှ ကြံရွယ်ချက်မရှိကြောင်း၊ လက်ရှိအခြေအနေတွင် သူ့အား အမည်စာရင်းတင်သွင်းခြင်းကို သဘောမတူညီနိုင်ကြောင်း၊ ဒါရိုက်တာများက ကျားကုပ်ကျားခဲ ဆက်လက်၍ စဉ်းစားနေကြဦးမည်ဆိုလျှင် အစည်းအဝေး ရွှေ့ဆိုင်းရန် အကြံပေးလိုကြောင်း စသဖြင့် ဖြစ်သည်။

မစ္စတာဟစ်ကော့က သဘောမတူသော်လည်း အများစု ဆန္ဒအရ အစည်းအဝေးကို တရက်ခြားသို့ ရွှေ့ဆိုင်းလိုက်သည်။
နောက်တစ်နေ့တွင် မစ္စတာဝက်စ် ဘလိန်းဥက္ကဌ ရာထူးမှ နုတ်ထွက်လိုက်ကြောင်း ပို့စ်သတင်းစာတွင် သတင်းပါလာသည်။ ထိုနေ့ထုတ် ပို့စ်သတင်းစာက ဘလိန်းကောလိပ်အတွက် မစ္စတာဝက်စ်၏ အကျိုးပြုချက်များအကြောင်းကို ခေါင်းကြီးရေးသည်။ ခရော်နီကယ် သတင်းစာကမူ
]ဘလိန်းကောလိပ်မှ လူတန်းစားဝါဒကို ဆန့်ကျင်သည့် တိုက်ပွဲကြီး၌ ခရော်နီကယ်သတင်းစာ အောင်ပွဲခံပြီ} ဟု ရေးသည်။

တတိယနေ့တွင် ပို့စ် ဒါရိုက်တာ အစည်းအဝေးပြန်လည်ကျင်းပသည်။ မစ္စတာဝက်စ် အစည်းအဝေးမတက်။ မစ္စတာဟော့ပကင်က အစည်းအဝေး ဆက်လက်ကျင်းပပြီး လုပ်စရာရှိသည့် ကိစ္စကို ပြီးပြန်အောင်လုပ်ရန် သူ့သဘောထားကို တင်ပြသည်။

]]မစ္စတာကွိကို အမည်စာရင်းတင်သွင်းခဲ့တဲ့ ဒါရိုက်တာကြီးကို အဆိုပြန်လည်ရုပ်သိမ်းဖို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့ ဆုံးဖြတ်ချက်ဟာ ကန့်ကွက်သူမရှိ တညီတညွတ်ထဲ ဖြစ်သင့်ပါတယ်။ မစ္စတာကွိကို အမည်စာရင်း တင်ထားမြဲ တင်ထားရင်တော့ ကျွန်တော် သူ့ကို မဲပေးရမှာပဲ}} ဟု မစ္စတာဟစ်ကော့က ပြောသည်။

ကွိ၏ အမည်ကို တာဝန်သိစွာ ရုပ်သိမ်းလိုက်ပြီးနောက် ဒါရိုက်တာအားလုံးက ဝက်စ်ကို ပို့စ်သတင်းစာ အယ်ဒီတာခန့်လိုက်သည်။ အထူးဆုံးဖြတ်ချက်အဖြစ် အယ်ဒီတာမရှိချိန်တွင် စွမ်းစွမ်းတမန် ဆောင်ရွက်ခဲ့သည့်အတွက် မစ္စတာကွိအား ကျေးဇူးတင်ကြောင်းနှင့် မစ္စတာကွိ၏ လစာငွေကို တနှစ်ဒေါ်လာ ၁၈၀ဝ သို့ တိုးမြှင့်ကြောင်း ဆုံးဖြတ်လိုက်သည်။

မစ္စတာဟစ်ကော့မှတပါး အခြားဒါရိုက်တာများကများစွာ ကျေနပ်အားရဖြစ်ကြသည်။ ပြည်နယ်အတွင်း စွမ်းရည်အထက်မြက်ဆုံး၊ အရည်မွန်ဆုံး၊ လူသိအများဆုံး လူငယ်များအနက် တဦးကို မိမိတို့ သတင်းစာအတွက် အယ်ဒီတာအဖြစ်ခန့်ထားနိုင်လိုက်သဖြင့် ကိုယ့်အချင်းချင်းပင် ချီးကျူးနေမိကြသည်။

ပို့စ်သတင်းစာ၏ ပရိသတ်တဦးကမူ သူတို့ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်နေသည်။ မစ္စရှာလီဝေလင်ဖြစ်၏။ ရှာလီက ကွိကို မဆိုင်းမတွ အယ်ဒီတာခန့်သင့်သည်ဟု ယူဆသည်။ မစ္စတာဝက်စ်လည်း အယ်ဒီတာကောင်းတစ်ယောက်လောက်လောက်လားလား ဖြစ်နိုင်သော်လည်း ဘလိန်းကောလိပ် ဥက္ကဌရာထူးမှ မထွက်သင့်ဟု သူထင်သည်။

ထိုသဘောထားကို ရှာလီကြာရှည်စွည နှလုံးသွင်းနေရန် မလို။ အယ်ဒီတာသစ် ဝက်စ်ကိုယ်တိုင် သူ့ဆီသို့ မြူးတူးတက်ြွကစိတ်အားထက်သန်စွာ ရောက်လာသည်။

]]ကောလိပ်ကြီးတော့ ခေါင်းပေါ်ကကျသွားပြီ။ ဟူး။ ကျောင်းပိတ်ရက် အစမှာ ကျောင်းသားကလေး ပျော်သလို ပျော်တယ်ဗျာ။ စိတ်လွတ်လူလွတ်ဖြစ်သွားတာပဲ။ ပို့စ်အတွက် အင်အားတွေ၊ စိတ်ဓာတ်တွေ၊ စီမံကိန်းတွေ ကျွန်တော့မှာ တပြုံကြီးရှိတယ်}}

]]မစ္စတာကွိကော စိတ်ပျက်နေသလား}} ရှာလီက မေးသည်။
ထိုမေးခွန်းကြောင့် ဝက်စ် အံ့အားမသင့်။ သို့သော် ကွိအယ်ဒီတာရာထူးရသင့်သည့် အခွင့်အရေး ရှိသည်ဟု ရှာလီထင်နေကြောင်း သူ့လေသံမှာ ပေါ်နေသည်ဟု ထင်မိ၏။
]]စိတ်ပျက်မယ် မထင်ပါဘူး}} ဝက်စ်က ပြတ်ပြတ်ဖြေသည်။
]]ဘာကြောင့် စိတ်ပျက်ရမှာလဲ။ သူစောင့်ရလှ တနှစ်၊ အများဆုံး နှစ်နှစ်ပေါ့။ ကျွန်တော်ကလဲ ပို့စ်မှာ တသက်လုံး လုပ်မှာ မဟုတ်ပါဘူး}}

ဝက်စ်က အခြေအနေကို အကြမ်းဖျင်း ပြောပြနေသည်။
]]သူ့တက်လမ်းကို ကျွန်တော် မပိတ်ပါဘူး။ သူမြန်မြန်တက်နိုင်သလောက် တွန်းတင်ပေးချင်တာပါ။ ကျွန်တော်တို့ ခင်ဗျားနဲ့ ကျွန်တော်ပေါ့။ သူ့ကို ရှာတွေ့ထားတာမဟုတ်လား။ သူက သိပ်ထက်မြက်ပေမယ့် သိပ်ငယ်သေးတယ်။ အတွေ့အကြုံကလဲ သိပ်နည်းသေးတယ်။ အချိန် နည်းနည်းလိုသေးတယ်။ အချိန်မကျသေးပဲ တာဝန်ကြီးကြီး သွားပေးရင် နလံမထူနိုင်တဲ့အမှားမျိုးလုပ်မိမှာသေချာတယ်။ ကျွန်တော်က ဘုရင်မဟုတ်ပါဘူးဗျာ။ ဘုရင်အရွယ်မရောက်ခင် ရင်ခွင်ပိုက် နန်းစံရတဲ့လူပါ}}

ရှာလီက မတရားအထင်လွဲမိလေခြင်းဟု တွေးမိသည်။
]]ရှင်က ကျွန်မထက် အလိမ္မာလည်းကြီးပါပေတယ်။ အမြင်လဲ ကျယ်ပါပေတယ်ရှင်}}
]]တော်စမ်းပါ}}
]]ကျွန်မပါရဂူကလေးမှာ ဒီလိုမိတ်ဆွေကောင်းရှိတာ ဝမ်းသာပါတယ်။ ဒါပေမယ့် သူက ပါရဂူလည်း မဟုတ်တော့ဘူး။ ကလေးလည်းမဟုတ်တော့ဘူး}}
]]တခြားလူ ဆိုရင်လည်း ကျွန်တော့လိုပဲ လုပ်မှာပါ}}
]]တခြားလူဆိုရင် ဒီလိုသဘောထား ကြီးချင်မှ....}}
ဤစကားကိုလည်း ဝက်စ် လက်မခံ။
]]ရှင်အယ်ဒီတာလုပ်ရမှာ သဘောတော့ ကျပါတယ်နော်}}

]]သိပ်သဘောကျတယ်။ ဒီအလုပ်ထက် မြင့်မြတ်တဲ့အလုပ်ဘယ်မှာရှိမှာလဲ။ ဘလိန်းကောလိပ်မှာဆိုရင် ကျောင်းသားလက်ဆုပ်စာလောက်ကိုသာ လက်လှမ်းမီတာ။ သတင်းစာ ဆိုတော့ ဧရာမ နယ်ကျယ်တာပေါ့။ တနေ့ကို လူတသိန်းလောက် နောက်လိုက်ရှိနေတာ။ မနက်တိုင်း တိုးတက်မှုတွေ၊ မြှော်မှန်းချက်တွေ၊ ရဲရင့်မှု၊ ရိုးသားမှု၊ ကြင်နာမှု၊ ယုံကြည်မှုတွေကို တရားဟောဖို့ ပရိသတ်ရှိနေတာပဲ။ သူတို့ရဲ့ အမြင်တွေ၊ ယုံကြည်ချက်တွေ၊ မြှော်မှန်းချက်တွေ၊ တွေးခေါ်ပုံအလေ့အထတွေကို ပှုံလောင်းပေးနိုင်မှာ}}

ဝက်စ်သည် ည ၁၁ နာရီထိ စကားထိုင်ပြောသည်။ ရှာလီကလည်း အထင်တကြီး နားထောင်သည်။ ဝက်စ် ပြန်သွားချိန်တွင် ကွိ မကျေမလည်များဖြစ်နေမလား ဟူသော စနိုးစနောင့် စိတ်ကလေးသညူ် ရှာလီ၏ ရင်ထဲတွင် ကျန်ခဲ့သည်။ ရက်အတန်ကြာ၍ ကွိကို တွေ့မှ ထိုစနိုးစနောင့်စိတ်ကလေးပျောက်ကွယ်သွားသည်။

ကွိတွင် လောကကို ထောင်းချင်သည့် သဘောထား တပြားသားမျှ မရှိ။

No comments: